ဝါရှင်တန်၊ သြဂုတ် ၁၃
အိမ်ဖြူတော် ပြန်ကြားရေး န်ကြီး ကယ်ရိုလိုင်း လီဗေ့ဟာ အခုလ အကုန်မှာ ရာထူးကနေ နုတ်ထွက်မှာ ဖြစ်ကြောင်း သမ္မတ ဒေါ်နယ် ထရန့်က ကြေညာပါတယ်။
သမ္မတက သူ့ရဲ့ အယုံကြည်ရဆုံး လက်ထောက်အရာရှိတွေထဲက တစ်ယောက် ဖြစ်တယ်လို့ ပြောထားတဲ့ လီဗေ့ဟာ သူ့ရဲ့ ကလေးတွေနဲ့ မိသားစုအတွက် အချိန်ပေးဖို့ ရာထူးက နုတ်ထွက်မှာ ဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်ကို မိမိအနေနဲ့ လုံးဝ နားလည်ပြီး လေးစားတယ်လို့ ထရန့်က လူမှုမီဒီယာမှာ ရေးသားထားပါတယ်။
ကယ်ရိုလိုင်းဟာ အခုအခါ ပြင်ပက မိမိရဲ့ ထိပ်တန်း အကြံပေးတွေထဲက တစ်ယောက် ဖြစ်လာမှာ ဖြစ်ပြီး ရီပက်ဘလေကန် ပါတီအတွင်းက သြဇာကြီးတဲ့ အသံ တစ်သံ ဖြစ်လာမယ်လို့ ထရန့်က ဖြည့်စွက် ပြောဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်က အိမ်ဖြူတော် ပြန်ကြားရေးဝန်ကြီးအဖြစ် စတင် တာဝန်ယူခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် လီဗေ့ဟာ အဲဒီရာထူးကို လက်ခံရယူတဲ့ အသက်အငယ်ဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ်။
သူ့နေရာမှာ ဘယ်သူနဲ့ အစားထိုးမလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရ သေးပါဘူး။
လီဗေ့ဟာ သူ့ရဲ့ ဒုတိယမြောက် ကလေးဖြစ်တဲ့ သမီးလေးကို ပြီးခဲ့တဲ့ မေလမှာ မွေးဖွားခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ နီကိုလပ်စ် ရီစီယိုနဲ့အတူ သူ့မှာ နှစ်နှစ်အရွယ် သားတစ်ယောက်လည်း ရှိပါတယ်။
သူဟာ မီးဖွားခွင့်ပြီးဆုံးပြီးနောက် ပြီးခဲ့တဲ့လက အလုပ်ပြန်ဆင်းခဲ့တာ ဖြစ်ပါတယ်။
သားသည်မိခင် တစ်ယောက် ဖြစ်ပြီး ကမ္ဘာမှာ တောင်းဆိုမှု အများဆုံး အလုပ်တွေထဲက တစ်ခုမှာ အလုပ်လုပ်နေရင်းနဲ့ နောက်ထပ် ကလေးတစ်ယောက် မီးဖွားခဲ့ရတာက မိမိဘဝရဲ့ စိန်ခေါ်မှုရှိတဲ့ ရာသီတစ်ခု ဖြစ်ပြီး အကျိုးအများဆုံး ဖြစ်တယ်လို့ သူက လူမှုမီဒီယာ X ပေါ်မှာ လီဗေ့က ရေးသားထားပါတယ်။
အမှန်က သမီးလေး မွေးပြီးနောက် အိမ်ဖြူတော်သို့ ပြန်ရောက်လာပြီးနောက်ပိုင်း သူ့အနေနဲ့ အကောင်းဆုံးမိခင် မဖြစ်နိုင်တော့ဘူးလို့ ခံစားခဲ့ရတယ်လို့ သူက ဆက်လက် ပြောဆိုပါတယ်။
ဒါကြောင့်ပဲ မိမိအနေနဲ့ အိမ်ဖြူတော်က ထွက်ခွာဖို့ အခုလို ဆုံးဖြတ်ခဲ့ရတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
သူဟာ အိမ်ဖြူတော်မှာ ပြန်ကြားရေး တာဝန်ခံအဖြစ် တာဝန်မယူခင်က ထရန့်နဲ့ အချိန်အကြာကြီး လက်တွဲခဲ့ပြီး အရင်ဆုံး လက်ထောက်ပြန်ကြားရေး အရာရှိ အဖြစ် တာဝန်ယူခဲ့သလို ထရန်ရဲ့ ပထမ သမ္မတသက်တမ်း အတွင်း မိန့်ခွန်း ရေးသားသူအဖြစ် တာဝန်ယူခဲ့ပါတယ်။
သူဟာ နောက်ပိုင်းမှာ နယူးယောက် ရီပက်ဘလေကန် အမျိုးသမီး လွှတ်တော် အမတ် အီလီစီ စတီဖန်နစ်ရဲ့ ထိပ်တန်း လက်ထောက် အရာရှိ ဖြစ်လာခဲ့ပြီး ဆက်ဆံရေး ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့ပါတယ်။
၂၀၂၂ ခုနှစ် အတွင်း မစ္စစ် လီဗေ့ဟာ နယူးဟမ်းရှိုင်းယား ပြည်နယ်က လွှတ်တော်အတွက် ရွေးကောက်ပွဲ ဝင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
သူဟာ ရီပက်ဘလေကန် ပါတီတွင်း ပြိုင်ဆိုင်မှုမှာ အောင်ပွဲရခဲ့ပေမယ့် ရွေးကောက်ပွဲမှာ ဒီမိုကရက် ခရစ် ပါပတ်စ်အား ရှုံးနိမ့်ခဲ့ပါတယ်။
သူဟာ နောက်ပိုင်းမှာ ထရန့်လိုလားတဲ့ ရန်ပုံငွေ ရှာဖွေရေး အဖွဲ့ ဖြစ်တဲ့ Maga Inc အတွက် ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ ထရန့်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်ရေးအဖွဲ့မှာ အမျိုးသား ပြန်ကြားရေးတာဝန်ခံ အဖြစ် ပါဝင်ခဲ့ပါတယ်။
မစ္စစ် လီဗေ့ဟာ တစ်ခါတလေမှာ သတင်းထောက်တွေနဲ့ အတိုက်အခိုက် ဆက်ဆံရေး ရှိပြီး တချို့ သတင်းထောက်တွေ ဘက်လိုက်တယ် ဒါမှမဟုတ် လက်ဝဲယိမ်းတွေ ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။
သူဟာ အိမ်ဖြူတော် ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူချိန် ကာလအတွင်း သမ္မတရဲ့ မူဝါဒတွေနဲ့ ပတ်သက်လို့ အသည်းအသန် ကာကွယ် ပြောဆိုခဲ့ပါတယ်။
Ref:BBC

