တိုကျို၊ သြဂုတ် ၁၃

သြဂုတ် ၁၂ ရက်က အီရန်သမ္မတ မာဆောက် ပီဇက်ဖီယန်နဲ့ ဖုန်းခေါ်မှုအတွင်း ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအိချီက ဟောမု့ဇ် ရေလက်ကြားမှာ ဖြတ်သန်းကြေးတွေကို အပိုကုန်ကျစရိတ်တွေ မရှိဘဲ လွတ်လပ် ဘေးကင်းစွာ ဖြတ်သန်း သွားလာနိုင်ရေး အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။

အီရန်က လက်ရှိ သူတို့ ပိတ်ဆို့ထားတဲ့ ဟောမု့ဇ် ရေလက်ကြားက ဖြတ်သန်းတဲ့ သင်္ဘောတွေကို ဖြတ်သန်းကြေး ကောက်ခံဖို့ အိုမန်နိုင်ငံနဲ့ ဆွေးနွေးနေပါတယ်။

နိုင်ငံတကာ ရေလမ်းကြောင်းတစ်ခုကို လွတ်လပ် ဘေးကင်းစွာ ဖြတ်သန်းခွင့်ရှိရမယ်လို့ နိုင်ငံ အများစုက ပြောထားပေမယ့် အီရန်က ဆက်လက် ပိတ်ဆို့ထားပါတယ်။

အဲဒီ ရေလမ်းကြောင်း ပိတ်ထားတာကြောင့် ကမ္ဘာတဝှမ်း လောင်စာပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပြီး ကမ္ဘာ့ လောင်စာဈေးနှုန်း မြင့်တက်နေပါတယ်။

ဂျပန်နဲ့ အီရန် ခေါင်းဆောင်တို့ရဲ့ မိနစ် ၂၀ ကြာ ဖုန်းနဲ့ ဆက်သွယ်မှုအတွင်း ဝန်ကြီးချုပ် တာကာအိချီက အဓိက ရေနံတင်ပို့ရေး လမ်းကြောင်းအဖြစ် အသုံးပြုနေတဲ့ ရေလက်ကြားကို အသုံးပြုနေတဲ့ နိုင်ငံတွေ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ဂရုတစိုက် ဆွေးနွေးဖို့ အီရန် ခေါင်းဆောင်ကို တိုက်တွန်းခဲ့ပါတယ်။

ဖေဖော်ဝါရီလနှောင်းပိုင်းက အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့က စတင် တိုက်ခိုက်ပြီး နောက်ပိုင်း ဒါဟာ ခေါင်းဆောင်နှစ်ဦးကြား စတုတ္ထမြောက် ဖုန်းခေါ်ဆိုမှု ဖြစ်ပါတယ်။

ယီမင်နိုင်ငံရှိ အီရန် လိုလားတဲ့ ဟူသီအဖွဲ့က ပင်လယ်နီအနီး နောက်ထပ် အရေးပါတဲ့ ရေကြောင်း ချုပ်ကွက် တစ်နေရာ ဖြစ်တဲ့ ဘတ်အယ်လ် မန်ဒက် ရေလက်ကြားရှိ ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဟူသီ အဖွဲ့အနေနဲ့ ကိုယ့်ကိုယ်ကို ထိန်းထိန်သိမ်းသိမ်း ဆောင်ရွက်ရေး တိုက်တွန်းပေးဖို့ ဂျပန်ခေါင်းဆောင်က အီရန်ကို တောင်းဆိုခဲ့ပြီး စွမ်းအင် ဖူလုံရေးအတွက် ဘတ်အယ်လ် မန်ဒက် ရေလက်ကြားမှာ ဖြစ်ပွားနေတဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သက်လို့ မိမိတို့ များစွာ စိုးရိမ်မိကြောင်း သူက ပြောပါတယ်။

သမ္မတ ပီဇက်ခီယန်က အီရန်အနေနဲ့ ဆော်ဒီအာရေးဗီးယားနဲ့ ဆွေးနွေးနေချိန်မှာ အဲဒီ ကိစ္စကို ဖြေရှင်းရေး ဆောင်ရွက်နေတယ်လို့ ရှင်းပြခဲ့ကြောင်း တာကာအိချီရဲ့ အဆိုအရသိရပါတယ်။

အီရန်နဲ့ ပတ်သက်လို့ စစ်ရေးတင်မာမှုတွေ လျှော့ချဖို့ အရေးကြီးကြောင်းနဲ့ အခြေအနေကို တတ်နိုင်သမျှ တည်ငြိမ်အောင်လုပ်ဆောင်ဖို့လိုကြောင်း တာကာအိချိက ပြောပါတယ်။

အီရန်ရဲ့ နျူကလီးယား စီမံကိန်း အပါအဝင် အမေရိကန်နဲ့ အီရန်ကြား စောစောစီးစီး အပြီးသတ် သဘောတူညီမှု ရရှိမယ်လို့ မိမိတို့ အခိုင်အမာ မျှော်လင့်ကြောင်း ဂျပန် ဝန်ကြီးချုပ်က ဆိုတာပါ။

အီရန် အာဏာပိုင်တွေက ဖမ်းဆီးပြီးနောက် ဧပြီလက အာမခံနဲ့ လွှတ်ပေးခဲ့တဲ့ NHKသတင်းဌာနရဲ့ အီရန်နိုင်ငံဆိုင်ရာ အကြီးအကဲ ဂျပန် နိုင်ငံသား တစ်ဦး အပေါ် ပြုမူ ဆက်ဆံပုံနဲ့ ပတ်သက်လို့လည်း အလျင်အမြန် ဖြေရှင်းပေးရေး တာကာအိချီက သမ္မတ ပီဇက်ခီယန်ကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

Ref:JapanTimes

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.