မော်စကို၊ သြဂုတ် ၁၃
ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေနဲ့ ယူကရိန်းကို ဆက်လက် တိုက်ခိုက်ဖျက်ဆီးလို့ပဲ ရတော့မှာ ဖြစ်ပြီး လုံးဝ အောင်ပွဲမရယူနိုင်တော့ဘူးလို့ Novaya Gazeta သတင်းစာရဲ့ အယ်ဒီတာချုပ်ဟောင်း နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒီမီထရီ မူရာတော့ဗ်က ပြောလိုက်ပါတယ်။
ဒီမီထရီ မူရာတော့ဗ်ဟာ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်က အဲဒီ သတင်းစာကို တည်ထောင်ခဲ့သူ ဖြစ်ပြီး ရုရှားမှာ လွတ်လပ်စွာ သဘောထား ဖော်ပြခွင့်အတိုင်း ရေးသားဖော်ပြခဲ့တာကြောင့် နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။
ချေချင်းညာ စစ်ပွဲနဲ့ ပတ်သက်လို့ စုံစမ်းဖော်ထုတ် ဆောင်ပါးတွေ ရေးသားခဲ့သူ အန်နာ ပိုလစ်ကို ဗက်စကာယာ အပါအဝင် Novaya Gazeta သတင်းစာရဲ့ ဂျာနယ်လစ် ၆ ဦးအထိ သတ်ဖြတ်ခံခဲ့ရတယ်လို့ နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီက ပြောဆိုခဲ့ပါတယ်။
အခုအချိန်မှာတော့ မော်စကိုမြို့ရှိ အဲဒီ သတင်းစာတိုက်ရဲ့ စင်္ကြန် တိတ်ဆိတ်သွားပြီ ဖြစ်ပြီး သူတို့ရဲ့ ထုတ်ဝေခွင့် လိုင်စင်ကို သမ္မတ ပူတင်က ရုတ်သိမ်းကာ နိုင်ငံပိုင်အဖြစ် သိမ်းလိုက်ပြီ ဖြစ်ပါတယ်။
လက်ရှိ ယူကရိန်း အခြေအနေအရ မင်းတို့ ဖျက်ဆီးလို့ ရနိုင်တယ်တယ် ဒါပေမဲ့ အနိုင်ယူ သိမ်းပိုက်လို့တော့ မရဘူးလို့ မိမိအနေနဲ့ မြင်မိကြောင်း ဒီမီထရီ မူရာတော့ဗ်က ဘီဘီစီနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
၅ နှစ်နီးပါးကြာလာတဲ့ အချိန်မှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေကို ကြည့်ရင် နှစ်နိုင်ငံစလုံး အောင်ပွဲရဖို့ မဖြစ်နိုင်ဘဲ လူတွေ သန်းနဲ့ချီ သေဆုံးခဲ့ရပြီလို့ သူက ပြောပါတယ်။
လက်ရှိ အချိန်အထိ ရုရှား စစ်သားဆုံးရှုံးမှု ၁ သန်းကျော် ရှိလာပြီ ဖြစ်ကြောင်း ယူကရိန်းက မကြာသေးခင်က ပြောထားပါတယ်။
ရုရှားက ယူကရိန်းမြို့တွေကို တိုက်ခိုက်နေသလို ယူကရိန်းကလည်း ရုရှား ပိုင်နက် အတွင်းနက်နက်ထဲအထိ ဝင်ရောက်ပြီး ဒရုန်းတွေနဲ့ တိုက်ခိုက်နေတာကြောင့် နှစ်ဖက် ထိခိုက် သေဆုံးမှုတွေ ရှိနေပါတယ်။
ဒီလိုအချိန် ပူတင်ရဲ့ ခေါင်းထဲမှာ ဘာရှိနေတယ်ဆိုတာ ဘယ်သူမှ မသိသလို ကျွန်တော်လည်း မသိဘူးလို့ မူရာတော့ဗ်က ပြောပါတယ်။
ရုရှားက နျူကလီးယား လက်နက်တွေ သုံးမယ်လို့ ပြောဆိုခဲ့တာ အကြိမ် ၅၀၀ ကျော် ရှိပြီ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီက ယူကရိန်းကို အင်အား အလုံးအရင်းနဲ့ ကျူးကျော် တိုက်ခိုက်ချိန်မှာ ပူတင်က ရုရှား လုံခြုံရေး သေချာစေဖို့ ပြုလုပ်တဲ့ အထူး စစ်ဆင်ရေး ဖြစ်တယ်လို့ ပြောကြားပြီး မြန်မြန် အဆုံးသတ် နိုင်မယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
Ref:BBC

