ပါနားမား စီးတီး ၊ သြဂုတ် ၁၄
အီရန်အပေါ် ရေတပ်ပိတ်ဆို့ထားမှုကို အချိန် အကန့်အသတ်မရှိ ဆက်လက် လုပ်ဆောင်ထားနိုင်တယ်လို့ သြဂုတ် ၁၃ ရက်မှာ အမေရိကန်က ပြောလိုက်ပါတယ်။
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေ ယက်ကန်ယက်ကန် ဖြစ်နေပြီး ကမ္ဘာလုံးဆိုင်ရာ ရေနံထောက်ပံ့မှုတွေ လျော့ကျကာ ဒေသဆိုင်ရာ တင်းမာမှုတွေ မြင့်တက်လာစဉ် တီဟီရန်အပေါ် စီးပွားရေး ဖိအားပေးမှု အရှိန် မြှင့်သွားမယ်လို့လည်း အမေရိကန်က ပြောပါတယ်။
အီရန်ကို မိမိတို့ ပိတ်ဆို့ထားမှု ဆက်လက် လုပ်ဆောင်ရေး ဒေသတွင်း ရေတပ် တည်ရှိမှုကို ထိန်းသိမ်းဖို့ အမေရိကန် စစ်တပ်မှာ စွမ်းပကားရှိကြောင်း ကာကွယ်ရေးဝန်ကြီး ပိ ဟကိဆေ့ချ်က သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန်ရဲ့ ရေတပ်နဲ့ ပိတ်ဆို့ထားမှုကြောင့် အီရန်ကို စီးပွားရေးအရ ပြင်းပြင်းထန်ထန် ထိခိုက်စေပါတယ်။
မိမိတို့ သင်္ဘောတွေကို အလှည့်ကျ အသုံးပြုမှာ ဖြစ်တာကြောင့် အမေရိကန် ရေတပ်က အခုလိုမျိုး ရေတပ် ပိတ်ဆို့မှု အချိန် အကန့်အသတ်မရှိ ဆက်လက်လုပ်ဆောင်နိုင်ကြောင်း ပနားမား ခရီးစဉ်အတွင်း ဝန်ကြီးဟက်ဆေ့ချ်က ပြောဆိုလာတာပါ။
အမေရိကန်က အီရန်အပေါ် ဘဏ္ဍာရေးအရ ပိုမို ထိခိုက်အောင် လုပ်ဆောင်ဖို့ စီစဉ်ထားတယ်လို့ ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်ကလည်း သြဂုတ် ၁၃ ရက်မှာ ပြောပါတယ်။
နိုင်ငံတစ်နိုင်ငံအပေါ် စီးပွားရေးအရ အထီးကျန်ဖြစ်အောင် လုပ်တဲ့ ရာဇဝင်မှာ တစ်ခါမှ မမြင်တွေဖူးတဲ့ အစီအစဉ်မျိုးတွေလို အစီအစဉ်တွေ ချမှတ်လုပ်ဆောင်မှာ ဖြစ်တာကြောင့် လာမယ့် သီတင်းပတ်မှာ ထွက်လာမယ့် ကြေညာချက်တွေကို စောင့်ကြည့်ကြဖို့ သူက ပြောပါတယ်။
ဇွန်လက ရရှိခဲ့တဲ့ စစ်ပွဲ အဆုံးသတ်ရေး နာလည်မှု စာချွန်လွှာ မတည်မြဲပဲ ရှိနေချိန် အီရန်က ဟောမု့ဇ် ရေလက်ကြားကို ထိန်းချုပ်ပြီးတော့ အမေရိကန်ကို ဖိအားပေးနိုင်ဖို့ ကြိုးပမ်းနေပါတယ်။
ဖေဖော်ဝါရီက စစ်ပွဲ မစတင် ကမ္ဘာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ အရည် ၅ ပုံ ၁ ပုံ ဖြတ်သန်းခဲ့တဲ့ ဗျူဟာမြောက် ရေလမ်းကြောင်းက ဖြတ်သန်းတဲ့ သင်္ဘော တချို့ကို အီရန်က တိုက်ခိုက်နေပါတယ်။
သြဂုတ် ၁၃ ရက် ညနေပိုင်းက အဲဒီ ရေလက်ကြားကနေ ဖြတ်သန်းသွားတဲ့ အစိုးရပိုင် အဘူဒါဘီ အမျိုးသား ရေနံကုမ္ပဏီရဲ့ သင်္ဘော နှစ်စီး တိုက်ခိုက်ခံခဲ့ရကြောင်း ယူအေအီး နိုင်ငံပိုင် သတင်းဌာန WAM က ဖော်ပြထားပါတယ်။
အဲဒီ တိုက်ခိုက်မှုဟာ အီရန် လက်ချက် ဖြစ်တယ်ဆိုပြီး ယူအေအီး အစိုးရက ပြစ်တင် ရှုတ်ချထားပါတယ်။
လူထု မနှစ်သက်မှု ပိုများလာတဲ့ စစ်ပွဲကို အဆုံးသတ်ရေး အမေရိကန် သမ္မတ ဒေါ်နယ် ထရန့် အနေနဲ့ ပြည်တွင်းမှာ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။
လောင်စာဈေးနှုန်း မြင့်တက်မှုကြောင့် သူ့ရဲ့ လူထုထောက်ခံမှု လျော့ကျလာစေပြီး နိုဝင်ဘာလအတွင်း ကျင်းပမယ့် သက်တမ်းဝက် ရွေးကောက်ပွဲမှာ သူ့ပါတီရဲ့ လွှတ်တော်အပေါ် ထိန်းချုပ်မှုကို ထိခိုက်လာစေနိုင်ခြေ ရှိနေပါတယ်။
ရေလက်ကြားကို အမေရိကန်က လုံးဝ ထိန်းချုပ်ထားတယ်လို့ ထရန့်က အကြိမ်ကြိမ် ပြောဆိုထားပေမယ့် အီရန်က ငြင်းဆိုထားပါတယ်။
မိမိတို့ရဲ့ သတ်မှတ်ချက်တွေ ပြည့်မီတဲ့အထိ ရေလက်ကြားကို ပြန်ဖွင့်ခွင့်ပြုမှာ မဟုတ်ဘူးလို့ အီရန်က ပြောထားပါတယ်။
တီဟီရန်ရဲ့ တောင်းဆိုချက်တွေထဲမှာ စီးပွားရေး ပိတ်ဆို့ထားမှုတွေကို ဖယ်ရှားပေးရေးနဲ့ သိမ်းဆည်းထားတဲ့ အီရန် ပိုင်ဆိုင်မှုတွေကို ထုတ်ပေးရေးတို့ ပါဝင်ပါတယ်။
စစ်ပွဲ မတိုင်ခင်က သင်္ဘော အစီးရေ ၁၃၀ ကနေ ၁၄၀ အထိ ဖြတ်သန်းခဲ့တဲ့ ရေလက်ကြားကို သြဂုတ် ၁၁ ရက်မှာ သင်္ဘော ၈ စီးလောက်အထိပဲ ဖြတ်သန်းနိုင်ခဲ့ပါတယ်။
ဇွန်လ လလယ်ပိုင်းက အီရန် အပေါ် ပိတ်ဆို့ထားမှုကို အမေရိကန်က တစ်လကြာ ရုတ်သိမ်းပေးခဲ့ပေမယ့် နောက်ပိုင်း ပြန်လည် ပိတ်ဆို့ခဲ့ပါတယ်။
အဲဒီလို ပိတ်ဆို့ထားမှုကြောင့် အီရန်ရဲ့ အဓိက ဝင်ငွေရင်းမြစ် ပြတ်တောက်သွားပြီး စစ်ဖြစ်ပွားနေချိန်က စွမ်းအင် အဆောင်အဦတွေ တိုက်ခိုက်ခံရမှုကြောင့် ဆုံးရှုံးခဲ့ရတဲ့ အခြေအနေတွေ ပိုမိုဆိုးရွာလာစေခဲ့ပါတယ်။
ရေလက်ကြား တစ်ဖက်တစ်ချက်စီမှာ ရှိတဲ့ အီရန်နဲ့ အိုမန်ကြား သင်္ဘော လမ်းကြောင်း ပြန်ဖွင့်ရေး သဘောတူညီမှု ရရှိပြီဆိုတာနဲ့ အီရန်အပေါ် ပိတ်ဆို့ထားမှုတွေကို ရုတ်သိမ်းမယ်လို့ အမေရိကန်က အရင်က ပြောဆိုခဲ့ပါတယ်။
ထရန့်ကလည်း အီရန်ကို စစ်ရေးအရ ပြင်းပြင်းထန်ထန် တိုက်ခိုက်မယ်လို့ အကြိမ်ကြိမ် ခြိမ်းခြောက်ထားပါတယ်။
အခု သီတင်းပတ် စောစောပိုင်းကတော့ သူ့အနေနဲ့စစ်ရေးအရ အရေးယူ ဆောင်ရွက်မှုတွေထက် စီးပွားရေးအရ အရေးယူမှုတွေပဲ လုပ်ဆောင်သွားမယ်လို့ ထရန့်က ပြောပါတယ်။
ကာကွယ်ရေး ဝန်ကြီး ဟက်ဆော့ချ်ကတော့ အီရန် နျူကလီးယား လက်နက် မရရှိစေရေး မိမိတို့ လုပ်ဆောင်ဖို့ လိုအပ်တာတွေကို အတိအကျ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။
Ref:Reuters

