ကွာလာလမ်ပူ၊ သြဂုတ် ၁၄
၂၀၂၆ ခုနှစ် ဒုတိယ သုံးလပတ်ကာလအတွက် မလေးရှားရဲ့ ပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP) ကြေညာချက်မတိုင်ခင် ရင်းဂစ်တန်ဖိုးဟာ အဓိက ငွေကြေးတွေ အာဆီယံ ငွေကြေးတွေနဲ့ယှဉ်ရင် သြဂုတ် ၁၄ ရက်က ပိုမြင့်မားလာခဲ့ကြောင်း စီးပွားရေးပညာရှင် တစ်ဦးက ပြောပါတယ်။
သြဂုတ် ၁၃ ရက်က အမေရိကန် တစ်ဒေါ်လာကို ရစ်ဂစ် ၄ ဒသမ ၀၈၅၀ ကနေ ၄ ဒသမ ၀၈၉၀ နှုန်းအထိ ရှိခဲ့ရာက သြဂုတ် ၁၄ရက် မနက် ၈ နာရီမှာ ၄ ဒသမ ၀၈၃၅ အထိ မြင့်တက်လာခဲ့ပါတယ်။
မလေးရှားရဲ့ ဒုတိယ သုံးလပတ်ကာလ GDP တန်ဖိုးဟာ ၅ ဒသမ ၈ ရာခိုင်နှုန်းကနေ ၅ ဒသမ ၉ ရာခိုင်နှုန်းအထိ တိုးတက်လာတယ်လို့ အများက ခန့်မှန်းထားပါတယ်။
ဒါက ကုန်ထုတ်လုပ်ရေးနဲ့ သတ္တုတွင်းကဏ္ဍမှာ စွမ်းဆောင်ရည် အားပိုကောင်းလာတာနဲ့ အများကြီး သက်ဆိုင်နေပါတယ်။
အဲဒီ ကိန်းဂဏန်းဟာ ခန့်မှန်းထားတာထက် ပိုများနေရင် ဒါက ရင်းဂစ်ငွေတန်ဖိုး အတွက် အပေါင်းလက္ခဏာ ဆောင်ပါတယ်လို့ မလေးရှား မူအာမာလတ်ဘဏ်ရဲ့ စီးပွားရေးပညာရှင် ဒေါက်တာ မိုဟာမက် အက်ဖ်ဇာနီဇမ် အဒူလ်ရာရှစ်က ပြောပါတယ်။
အမေရိကန် ထုတ်လုပ်သူ ဈေးနှုန်း ညွှန်းကိန်း (PPI) အားပျော့သွားပြီးနောက် အမေရိကန် ဒေါ်လာ ညွှန်းကိန်း (DXY) ဟာ ဝ ဒသမ ၀၅ ရာခိုင်နှုန်း လျော့ကျသွားတာကြောင့် စက်တင်ဘာလအတွင်း နှုန်းထား မြင့်တက်နိုင်ခြေ လျော့ကျသွားလိမ့်မယ်လို့လည်း သူက ပြောပါတယ်။
အမေရိကန် အလုပ်အကိုင်ဆိုင်ရာ အချက်အလက် အားနည်းပြီး ငွေဖောင်းပွမှု အတော်အသင့်ရှိတာကြောင့် အမေရိကန် ဗဟိုဘဏ် သို့မဟုတ် (Fed) က ရန်ပုံငွေနှုန်းထားကို တည်ငြိမ်အောင် ဆက်လက်ထားရှိဖို့ ရှိနေပါတယ်။
ဒီလို အခြေအနေတွေကြောင့် မလေးရှားငွေ တန်ဖိုး ဆက်လက် အားကောင်းလာနိုင်တဲ့ သဘော ဖြစ်တယ်လို့ဒေါက်တာ မိုဟာမက် အက်ဖ်ဇာနီဇမ် အဒူလ်ရာရှစ်က ပြောပါတယ်။
မလေးရှား ရင်းဂစ် ငွေတန်ဖိုးဟာ ဂျပန်ယန်းငွေ တန်ဖိုးနဲ့ ယှဉ်ရင်လည်း တန်ဖိုး မြင့်တက်လာသလို ဗြိတိန် စတာလင်ပေါင် တန်ဖိုးနဲ့ နှိုင်းယှဉ်ရင်လည်း မြင့်တက်လာပါတယ်။
ဒါပေမဲ့ ယူရိုငွေနဲ့ ယှဉ်ရင်တော့ တန်ဖိုး အနည်းငယ် လျော့ကျပြီး ၁ ယူရိုကို ရင်းဂစ် ၄ ဒသမ ၇၁၂၀ ကနေ ၄ ဒသမ ၇၁၆၇ အထိ ရှိခဲ့ရာက ၄ ဒသမ ၇၀၉၉ ကနေ ၄ ဒသမ ၇၁၆၈ အထိ တန်ဖိုးလျော့ကျသွားခဲ့ပါတယ်။
မလေးရှား ရင်းဂစ် တန်ဖိုးဟာ စင်ကာပူ ဒေါ်လာနဲ့ လဲလှယ်ရာမှာလည်း တန်ဖိုး မြင့်တက်လာပြီး ၁ ဒေါ်လာကို ၃ ဒသမ ၁၉၁၂ ရှိခဲ့ရာက ၃ ဒသမ ၁၈၉၅ အထိ မြင့်တက်လာပြီး ထိုင်းဘတ်ငွေနဲ့ ယှဉ်ရင်လည်း တန်ဖိုး ပိုမို မြင့်တက်လာခဲ့ ပါတယ်။
ဖိလစ်ပိုင် ပီဆိုငွေတန်ဖိုးနဲ့ နှိုင်ယှဉ်ရင်တော့ မလေးရှား ပြည်တွင်း လဲလှယ်မှုနှုန်း အနည်းငယ်လောက်ပဲ အပြောင်းအလဲရှိပြီး အင်ဒိုနီးရှား ရူပီးယားနဲ့ ယှဉ်ရင်တော့ အရင်အတိုင်း မပြောင်းလဲဘဲ ရှိနေပါတယ်။
ငွေတန်ဖိုး မြင့်တက်လာတာဟာ စီးပွားရေး အားကောင်းလာမှု၊ နိုင်ငံရေး တည်ငြိမ်မှု၊ သဘာဝဘေးအန္တရာယ် တွေကြောင့် ထိခိုက်မှု အန္တရာယ်နည်းပါးမှု စတဲ့ အကြောင်းအရာတွေနဲ့ သက်ဆိုင်နေပါတယ်။
မလေးရှား ရင်ဂစ်ငွေ တန်ဖိုးဟာ အာဆီယံမှာ တန်ဖိုး မြင့်တက်မှု အားအကောင်းဆုံး ငွေကြေး ဖြစ်လာပြီး မကြာခင် GDP တန်ဖိုး ကြေညာချိန်မှာလည်း တန်ဖိုး မြင့်တက်လာမယ်လို့ ခန့်မှန်းရပါတယ်။
Ref:Bernama

