စစ်ကောင်စီတပ်မ ၂ ခုနဲ့ သတ္တုတွင်းလုပ်ငန်းတွေကို ဗြိတိန် ပိတ်ဆို့အရေးယူ

0
53

လန်ဒန် ၊ ဖေဖော်ဝါရီ ၃

အရပ်သားပြည်သူတွေကိုဖိနှိပ်မှုတွေအပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာပါဝင်တဲ့ စစ်ကောင်စီခြေမြန်တပ်မ ၇၇ နဲ့ တပ်မ ၁၀၁ တို့အပါအဝင်သတ္တုတွင်းလုပ်ငန်းတွေကို ဗြိတိန်က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အရေးယူပိတ်ဆို့မှုတွေ ချမှတ်လိုက်ပါတယ်။

ဗြိတိန်ပိတ်ဆို့အရေးယူမှုပြုလုပ်လိုက်တဲ့ လုပ်ငန်းတွေဟာ စစ်ကောင်စီကိုဝင်ငွေရှာပေးနေတဲ့ နိုင်ငံပိုင် သတ္တုတွင်းလုပ်ငန်း ၁ နဲ့ ၂ တို့ဖြစ်တယ်လို့ သိရပါတယ်။

ဒီလုပ်ငန်းတွေဟာ စစ်ကောင်စီအတွက် အဓိကဝင်ငွေရှာပေးနေတဲ့ လုပ်ငန်းတွေဖြစ်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မိမိတို့ရဲ့ အရေးယူပိတ်ဆို့ရေး အစီအစဉ်အရ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၃ နှစ်တာကာလအတွင်း စုစုပေါင်း လူပုဂ္ဂိုလ် ၂၅ ဦးနဲ့ လုပ်ငန်း ၃၃ ခုကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်ထားပြီးဖြစ်တယ်လို့ ဗြိတိန်က ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေအပေါ် ရက်ရက်စက်စက်ဖိနှိပ်မှုတွေ ရပ်တန့်စေဖို့အတွက် ဖိအားပေးမှုတွေ ပိုမိုလုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ဗြိတိန်နိုင်ငံခြားရေးရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

ပြည်သူတွေအပေါ် ဆက်လက်ပြီးအကြမ်းဖက်ဖိနှိပ်မှုတွေလုပ်နေတဲ့ စစ်ကောင်စီတပ်ကို ပြစ်တင်ရှုတ်ချတဲ့ ပူးတွဲကြေညာချက်တစ်ရပ်ကို ဗြိတိန်နိုင်ငံခြားရေးရုံးက တခြားနိုင်ငံ ၈ နိုင်ငံနဲ့ ဥရောပ သမဂ္ဂ EU တို့နဲ့အတူ ပူးတွဲထုတ်ပြန်ထားပါသေးတယ်။

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေရပ်တန့်ရေး နိုင်ငံတကာက ဖိအားပေးကြဖို့ မိမိတို့အနေနဲ့ တိုက်တွန်းတယ်လို့လည်း ဆိုထားပါတယ်။ 

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.