သထုံ၊ သြဂုတ် ၇
တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှု အားနည်းသွားတဲ့ မွန်ပြည်နယ် သထုံခရိုင်မှာ အာဏာသိမ်း စစ်တပ် လက်အောက်ခံ လက်နက်ကိုင် တပ်ဖွဲ့တွေက ဥပဒေမဲ့ စစ်မှုထမ်း လူဖမ်းပွဲ တစ်ခုကို အကြီးအကျယ် လုပ်ဆောင်လာပါတယ်။
စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ လက်အောက်ခံ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ စစ်မှုထမ်း တပ်သား လိုအပ်ချက်အပေါ် အကြောင်းပြပြီး ညပိုင်း လမ်းမှာတွေ့သမျှ လူငယ်တွေကို စစ်မှုထမ်း ဖမ်းဆီးနေတာပါ။
အဆိုးဝါးဆုံးကတော့ ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ အခြေခံလူ့အခွင့်အရေး ဖြစ်တဲ့ လွတ်လပ်စွာ အလုပ်လုပ်ကိုင်ခွင့်၊ ပြောဆိုခွင့်၊ သွားလာခွင့်၊ နေထိုင်ခွင့်ပင်မရဘဲ တစ်ခါတည်း ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ ညတွင်းချင်းမှာပဲ ရဲစခန်းအချုပ်ခန်းတွေ၊ တပ်ရင်းဗဟိုကင်းစခန်းတွေအထိ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပြန်မရွေးနိုင်ရင် စစ်သားစုဆောင်းရေးတပ်ထံ ချက်ချင်း ပို့ဆောင်ခံနေရပါတယ်။
သထုံဒေသခံ သုံးဦးရဲ့ ပြောပြချက်အရ စစ်မှုထမ်း ဖမ်းဆီးမှုဟာ စစ်တပ် အသွင်းပြောင်း အစိုးရ လက်ထက်မှာ ပိုဆိုးလာပြီး ပြောစရာ စကားလုံးပင် မရှိတော့ဘူးလို့ ဆိုပါတယ်။
စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လကစလို့ သထုံခရိုင်ရဲ့ မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံနဲ့ ပေါင်မြို့နယ်တို့မှာ စစ်မှုထမ်း ဖမ်းဆီးမှု ပိုမိုလုပ်ဆောင်လာတာ ဖြစ်ပါတယ်။
အဲဒီထဲမှာ အရင်က စစ်မှုထမ်း ဖမ်းဆီးတာ မရှိတဲ့ ပေါင်မြို့နယ်မှာလည်း ညဘက်အချိန် စစ်တပ်နဲ့ရဲတပ်ဖွဲ့က ဒေသခံ လူငယ်တွေကို စစ်မှုထမ်း ဖမ်းဆီးမှုတွေ ရှိပါတယ်။
“အရင်က ကျိုက်ထို၊ဘီးလင်းတို့မှာပဲ စစ်မှုထမ်း ဖမ်းတာ ကြားနေရတယ်။ အခုကတော့ ပေါင်မြို့နယ်မှာလည်း စစ်မှုထမ်း လိုက်ဖမ်းနေတာ မျက်မြင်တွေ့နေရပြီ”လို့ အမည်မဖော်လိုတဲ့ ပေါင် ဒေသခံ တစ်ဦးက ပြောပါတယ်။
သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ သထုံခရိုင်ရဲ့ မြို့နယ် လေးခုမှာ တစ်ရက်လျှင် စစ်မှုထမ်းအတွက် လူငယ် ၁၅ ဦးနီးပါး ဖမ်းဆီးခံနေရပါတယ်။
ဖမ်းဆီးထားတဲ့ လူငယ်တွေကိုတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က သက်ဆိုင်ရာ ကျေးရွာရပ်ကွက် အုပ်ချုပ်ရေးမှူးတွေထံ တစ်ဦးလျှင် ငွေကျပ် သိန်း ၅၀ ကနေ သိန်း ၈၀ အထိ ပြန်လည်ရောင်းစားချနေတာ ဖြစ်ပါတယ်။
စစ်တပ်နဲ့ ရဲတပ်ဖွဲ့က စစ်မှုထမ်း ဖမ်းဆီးပြီး လူကုန်ကူး ရောင်းစားနေမှုကို လွှတ်တော် ကိုယ်စားလှယ်တွေ နှုတ်ဆိတ်မှုအပေါ် ဒေသခံပြည်သူတွေအကြား ဝေဖန်မှုတွေ အပြင်းအထန် ရှိနေပါတယ်။
စစ်မှုထမ်း ဖမ်းဆီးရာမှာတော့ အရင်က ဒေသန္တရအမိန့် ဖောက်ဖျက်တယ်ဆိုတဲ့ အမျိုးသား နှစ်ဦး ဆိုင်ကယ်အတူ စီးနင်းတာ၊ ညမထွက်ရအချိန် အပြင်ထွက် သွားလာမှု အကြောင်းပြချက်တွေနဲ့ ဖမ်းဆီးခဲ့ပေမယ့် အခုနောက်ပိုင်းမှာ ညဘက် လမ်းမှာတွေ့သမျှ လူငယ်တွေ ပစ်မှတ်ထား ဖမ်းဆီးမှုတွေအထိ ရှိလာတာပါ။
သထုံခရိုင်ရဲ့ မြို့နယ်တွေမှာ ညမထွက်ရအမိန့်ကို ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ သတ်မှတ်ထားပေမယ့် အခုနောက်ပိုင်းမှာတော့ ည ၁၀ နာရီနောက်ပိုင်းထွက်တဲ့ လူငယ်မှန်သမျှ စစ်မှုထမ်း ဖမ်းဆီးခံနေရပါတယ်။
“အခုက ည ၁၀ နာရီ မပြောနဲ့ ည ၈ နာရီတောင် ဘယ်သူမှ အပြင်မထွက်ရဲတော့ဘူး။ ရဲကားတွေ့ရင်ပြေး စစ်ကားတွေ့ရင် ပြေးပဲ။ အိမ်စီးကားနဲ့ပါ လိုက်ဖမ်းနေတာ”လို့ ဘီးလင်း ဒေသခံ တစ်ဦးက ပြောပါတယ်။
ပြည်သူ့စစ်မှုထမ်း ဥပဒေအရ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေဟာ စစ်မှုထမ်း ကင်းလွတ်ခွင့်၊ ယာယီဆိုင်းငံ့ခွင့်တွေ လျှေက်ထားနိုင်ပေမယ့် ဖမ်းဆီးခံရတဲ့ လူငယ်အများစုကတော့ ဥပဒေ အကာအကွယ်မရှိဘဲ တစ်ခါတည်း စစ်သားစုဆောင်းခံနေရပါတယ်။
သထုံခရိုင်မှာ အခုလို ဒေသခံ လူငယ်တွေ စစ်မှုထမ်း ဖမ်းဆီးခံနေရတာဟာ တော်လှန်ရေးတပ်ဖွဲ့တွေ မြို့တွင်းမြို့ပြင် လှုပ်ရှားမှု မရှိတဲ့အပေါ် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အခွင့်အကောင်းယူပြီး အကျိုးစီးပွားရှာနေတာလို့ ဆိုကြပါတယ်။
သထုံခရိုင် ဒေသခံတွေကတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ဥပဒေမဲ့ စစ်မှုထမ်း ဖမ်းဆီးမှုတွေကို လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူ့မျက်နှာကြည့်ပြီး ရဲရဲဝင့်ဝင့် ဆွေးနွေးတင်ပြကြဖို့ တောင်းဆိုတာပါ။
မြို့နယ် ၁၀ မြို့နယ်ရှိတဲ့ မွန်ပြည်နယ်မှာတော့ သထုံခရိုင်အတွင်းရှိ မြို့နယ်တွေမှာသာ စစ်မှုထမ်း ဖမ်းဆီးမှုတွေ ပိုဆိုးလာပေမယ့် ကျန်မြို့နယ်တွေဖြစ်တဲ့ ရေး၊ သံဖြူဇရပ်၊ မုဒုံနဲ့ ကျိုက်မရောမြို့နယ်တို့မှာတော့ စစ်မှုထမ်း ဖမ်းဆီးမှု အနည်းငယ်တော့ ရှိနေတာပါ။
အလားတူ မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့နယ်တို့မှာလည်း စစ်မှုထမ်း ဖမ်းဆီးမှု အနည်းငယ်သာ ရှိပေမယ့် သထုံခရိုင်လောက် မဆိုးသေးတဲ့ အခြေအနေမှာ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်

