မော်လမြိုင် ဩဂုတ် ၇
ပြည်သူ့ ခုခံတွန်းလှစ်စစ်ကနေ မဟာဗျူဟာ ထိုးစစ်ကိုပြောင်းလဲဖို့ တပ်မှူးကြီးများ အစည်းအဝေးမှာ လုပ်ငန်းစဉ်တွေချမှတ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF က ဩဂုတ် ၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
တပ်မှူးကြီးများ အစည်းအဝေးကို သြဂုတ် ၃ ရက်ကနေ ၆ ရက်အထိ ၄ ရက်တာပြုလုပ်ပြီး မဟာဗျူဟာထိုးစစ်ကို တက်လှမ်းနိုင်ရေးအတွက် လုပ်ငန်းစဉ်တွေချမှတ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
တပ်မှူးကြီးများ အစည်းအဝေးမှာ တိုင်းစစ်ဌာန (၁၀)ခု၊ တပ်မ (၁) ခု နဲ့ စစ်ရုံးချုပ် စစ်ဆင်ရေး၊ စစ်ရေး၊ စစ်ထောက်၊ စစ်ထောက်လှမ်းရေး၊ ပြည်သူ့လုံခြုံရေးဌာန၊ စစ်ဆင်ရေးရုံးများ၊ စစ်ဥပဒေရုံးနဲ့ ပကဖ စစ်ဘက်ရေးရာအရာရှိချုပ်ရုံး တို့က ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီ ဆွေးနွေးချက်တွေကို စစ်ဦးစီးချုပ်၊ ဒုတိယ စစ်ဦးစီးချုပ်၊ စစ်ဦးစီးအရာရှိချုပ်တို့ရဲ့ လမ်းညွှန်ချက်ရယူခြင်းနဲ့ ရှေ့လုပ်ငန်းစဉ် ချမှတ်တာတွေလည်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရက မဟာဗျူဟာထိုးစစ်ပြောင်းလဲဖို့ပြင်ဆင်နေချိန်မှာ အာဏာသိမ်းစစ်တပ်က စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ အင်အားအလုံးရင်းအသုံးပြုပြီး ဇွန်လ အစောပိုင်းကတည်းက စစ်ကြောင်းထိုးနေလို့ ကာကွယ်ရေးအဖွဲ့တွေ သိမ်းပိုက်ထားတဲ့နယ်မြေ တချို့ကို လက်လွှတ်ခဲ့ရပါတယ်။
သတင်း – သံလွင်တိုင်းမ်

