ကျိုက်ထို၊ ဩဂုတ် ၇
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျောက်ဖျာကျေးရွာရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စခန်းဟောင်း တစ်ခုကို အာဏာသိမ်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၄ ရက်နေ့ ည ၁၁ နာရီအချိန်လောက်မှာ ကျောက်ဖျာကျေးရွာရှိ PDF စခန်းဟောင်း တစ်ခုကို လေကြောင်းကနေ ပေါင် ၃၀၀ ဗုံး နှစ်လုံး လာရောက်ကြဲချသွားတာပါ။
အဲဒီဗုံးကြဲမှုကြောင့် PDF စခန်းဟောင်းအတွင်းရှိ တဲအဆောက်အဦး တချို့ ထိမှန်ပျက်စီးခဲ့ပြီး စခန်းအတွင်း လူနေထိုင်မှု မရှိတာကြောင့် ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။
ကျောက်ဖျာကျေးရွာရှိ PDF စခန်းဟာ အခုနှစ် ဖေဖော်ဝါရီလအတွင်း အာဏာသိမ်း စစ်တပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးပြီးနောက် လူနေထိုင်မှု မရှိတော့ဘူးလို့ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အဲဒီနေ့မှာပဲ ကျိုက်ထိုအခြေစိုက် တပ်မ ၄၄ ဌာနချုပ်ကနေ ကျိုက်ထိုမြို့နယ် ကညင်တောင်၊ မိုးဘောရွာဟောင်း၊ ဝါးဘိုးချောင်းနဲ့ဇီးပြောင်း ၅ ကျေးရွာတို့ကို လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဒါ့အပြင် သြဂုတ် ၅ ရက်နေ့ကလည်း တပ်မ ၄၄ ဌာနချုပ်ကနေ ကျိုက်ထိုမြို့နယ် ဌက်ပျောတောကျေးရွာကို လက်နက်ကြီး နှစ်လုံး ပစ်ခတ်ခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။
အလားတူ အာဏာသိမ်း စစ်တပ်ဟာ သြဂုတ် ၄ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် လယ်တောကြီးကျေးရွာနဲ့ဖိုးဝါးသိမ်ကျေးရွာအနီး ပတ်ဝန်းကျင်ကို လက်နက်ကြီး ငါးလုံးထက်မနည်း ပစ်ခတ်ထားပါတယ်။
ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်တို့မှာ အာဏာသိမ်း စစ်တပ်ရဲ့ နှစ်ရက်ဆက်တိုက် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတွေဟာ ဥယျာဉ်ခြံတွေနဲ့ လုပ်ငန်းခွင်တွေထဲ မသွားရဲဘဲ လုပ်ငန်းတွေ ရပ်နားထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

