ပခုက္ကူမှာ ကူးစက်ရောဂါကြောင့် အိမ်မွေးဆိတ်တွေ သေဆုံးမှု မြင့်တက်လာ

0
59

ပခုက္ကူ – ဇန်နဝါဝါ ၂၂

မကွေးတိုင်း၊ပခုက္ကူခရိုင်မှာ အိမ်မွေးဆိတ်တွေသေဆုံးမှုများလာတာကြောင့် တိရိစ္ဆာန်ကုသတဲ့ ဆရာဝန်လိုအပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ 

ဒေသခံတွေကတော့ ဘဲ့နာကိုခေါ်တဲ့ ကူးစက်ရောဂါတမျိုးဖြစ်တယ်လို့ ယူဆထားပြီး လတ်တလောမှာ ဆိတ်တွေနေ့စဉ်သေဆုံးတာတွေရှိနေတာပါ။ 

“နိုင်ငံရေးအခြေအနေကလည်းမကောင်းတော့ တိကုတွေမလာကြတော့ဘူး။ ဒေသက သူ့နည်း သူ့ဟန်နဲ့ ကုနေတာတော့ရှိတယ်။ ဒါပေမယ့် သေဆုံးနှုန်းက လျှော့မရသွားဘူး”လို့ ပေါက်ဒေသခံ တစ်ဦးက ပြောပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီက ပခုက္ကူလမ်းပိုင်းကို ပိတ်ဆို့ထားတာကြောင့် တိရိစ္ဆာန်ကုဆရာဝန်တွေ ဒေသတွင်းကို ရောက်မလာတာ နှစ်နဲ့ချီကြာမြင့်နေပြီဖြစ်တယ်လို့ သူကပြောပါသေးတယ်။ 

လတ်တလောမှာတော့ ဒေသတွင်းမှာ ဆိတ်သားစျေးနှုန်းတွေ ကျဆင်းနေကာ ပေါင် ၅၀ ပြည့်ပြီး ကျန်းမာတဲ့ ဆိတ်တစ်ကောင်ရဲ့ တန်ဖိုးဟာ ကျပ်ငွေ ၅ သောင်းဝန်းကျင်သာ ရှိတော့ တယ်လို့ သိရပါတယ်။

သေဆုံးတဲ့ ဆိတ်တွေကို စာရင်းကောက်ယူထားတာမရှိတာကြောင့် အတိအကျကိုပြောဖို့ ခဲယင်း နေပြီး ဆိတ်ခြံတစ်ခြံမှာ တစ်ရက်ကို တစ်ကောင်အနည်းဆုံး သေဆုံးနေတာဖြစ်တယ်လို့ ဒေသခံ တွေက ဆိုပါတယ်။

အဲဒီလိုသေဆုံးနေတဲ့ ဆိတ်တွေကို ဒေသခံတွေက မစားရဲတာကြောင့် မြေမြှုပ်ပစ်နေရတာ ကြောင့် ဆိတ် မွေးမြူရေးလုပ်ကိုင်သူတွေ အခက်တွေနေရတယ်လို့ သိရပြီး ဆရာဝန်ရောက်ရှိ လာတာမရှိတာကြောင့်လည်း အရပ်နည်းနဲ့သာ ကုသနေရတာဖြစ်ပါတယ်။ 

ရန်ကုန်လို မွေးမြူရေးရှားပါးတဲ့ နေရာတွေမှာတော့ ဆိတ်သား စျေးနှုန်းဟာ ၃ သောင်းဝန်းကျင် အထိရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းကလည်း မကွေးတိုင်း၊ဂန့်ဂေါခရိုင်နဲ့ ပခုက္ကူခရိုင်အတွင်းမှာ ကျွဲ၊နွားနဲ့ ဆိတ်တွေဟာ အရေပြားဆိုင်ရာ ကူးစက်ရောဂါတွေ ဖြစ်ပွားခဲ့ပါသေးတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ –  Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.