အကျင့်ပျက်ခြစားမှုကြောင့် ဗီယက်နမ်ဝန်ကြီး နှစ်ဦး ထောင်ချခံရ

0
49

ဟနွိုင်း၊ ဇန်နဝါရီ ၁၄

ကိုဗစ်စစ်ဆေးရေး ကိရိယာအရှုပ်တော်ပုံမှာ အကျင့်ပျက်ခြစားမှုတွေ ကျူးလွန်ခဲ့ကြောင့် စစ်ဆေးပေါ်ပေါက်တဲ့အတွက် ဗီယက်နမ်တရားရုံးက ဝန်ကြီးဟောင်း နှစ်ဦးကို ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။

အဲဒီအရှုပ်တော်ပုံမှာ ဒါဇင်နဲ့ချီတဲ့ အရာရှိတွေပါဝင်ပတ်သက်ခဲ့ပြီး သူတို့ဟာ လာဘ်ပေးလာဘ်ယူမှုနဲ့ မှားယွင်းတဲ့ စီမံခန့်ခွဲမှုတွေ ပြုလုပ်ခဲ့တာကြောင့် အပြစ်ရှိတယ်လို့ စစ်ဆေးတွေ့ရှိထားတဲ့အတွက် ထောင်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်တယ်လို့ တရားရုံးက ဆိုထားပါတယ်။

ကျန်းမာရေးဝန်ကြီးဟောင်း ငုယင်သောင်လွန်ဟာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်း လာဘ်ငွေယူခဲ့တဲ့အတွက် ထောင် ၁၈ နှစ်ချမှတ်ခံခဲ့ရပြီး သိပ္ပံနဲ့နည်းပညာဝန်ကြီးဟောင်း ချူနော့အန်ကတော့ လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေ ပြုလုပ်ခဲ့တာကြောင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရတာပါ။

ဒီအရှုပ်တော်ပုံရဲ့ အဓိကနေရာမှာ ပါဝင်ခဲ့တဲ့ ပုဂ္ဂလိက ဆေးဘက်ဆိုင်ရာလုပ်ငန်း Viet A Technology Corp ဟာ အရာရှိတွေနဲ့ ပူးပေါင်းပြီး အစိုးရကျန်းမာရေးစနစ်အတွက် ကိုဗစ်စစ်ဆေးရေး ကိရိယာတွေ ထုတ်လုပ်ကာ ဈေးတင်ရောင်းချခဲ့တာဖြစ်တယ်လို့ စွပ်စွဲခံထားရပါတယ်။

ထောင်ဒဏ် ၁၈ နှစ်ချမှတ်ခံရပြီးနောက် ကျန်းမာရေးဝန်ကြီးဟောင်း လောင်က တောင်းပန်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဗီယက်နမ်ဟာ နှစ်နဲ့ချီကြာမြင့်တဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အစီအစဉ်ကို အရှိန်မြှင့် ပြုလုပ်နေစဉ်မှာ သူတို့တွေ ဖမ်းဆီးခံခဲ့ရတာပါ။

အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအစီအစဉ်ကြောင့် ရာနဲ့ချီတဲ့ အရာရှိတွေစုံစမ်း စစ်ဆေးခံခဲ့ရ ပြီး သမ္မတဟောင်း၊ဝန်ကြီးချုပ်ဖြစ်သူ ငုယင်ရွှန်ဖြူနဲ့ လက်ထောက်ဝန်ကြီးချုပ်နှစ်ဦးအပါဝင် အရာရှိ တော်တော်များများလည်း ရာထူးက နုတ်ထွက်ပေးခဲ့ရပါတယ်။

Viet A တည်ထောင်သူ၊အမှုဆောင်အရာရှိချုပ် ဖန်ကော့ဗီယက်ကတော့ ဒီဇင်ဘာလကုန်ပိုင်းက ချမှတ်ခံခဲ့ရတဲ့ သီးခြားထောင်ဒဏ် ၂၅ နှစ်အပြင်နောက်ထပ်ထောင်ဒဏ် ၂၉ နှစ်ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဗီယက်နမ်မှာ ကိုဗစ်စစ်ဆေးရေးကိရိယာ ၄ ဒသမ ၅ သိန်း ရောင်းချခဲ့တဲ့ Viet A ဟာ အမှန်တကယ် ဈေးနှုန်းထက် သုံးဆလောက်တင်ပြီး ရောင်းချခဲ့တာကြောင့် ဒေါ်လာ ၅၀ ဒသမ ၂၅ သန်း တရားမဝင်ရရှိခဲ့တယ်လို့ လုံခြုံရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။

ဒီအမှုမှာပါဝင်နေသူအများစုဟာ မြို့နယ်အဆင့်၊ပြည်နယ်အဆင့်ရောဂါ ထိန်းချုပ်ရေးအရာရှိတွေဖြစ်တယ်လို့ လုံခြုံရေးဝန်ကြီးဌာနက ဆိုထားပြီး တာဝန်ရှိသူတွေအပြင် လူပုဂ္ဂိုလ် ၃၅ ဦးကို တရားရုံးက ၁၈ လ ဆိုင်းငံ့ထောင်ဒဏ်ကနေ ထောင်ဒဏ် ၁၅ နှစ်အထိပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.