ဆေးခြောက်ကို အပန်းဖြေသုံးစွဲခွင့် အဆုံးသတ်ဖို့ ထိုင်းအစိုးရကြိုးပမ်း

0
82

ဘန်ကောက်၊ ဇန်နဝါရီ ၁၂

ထိုင်းနိုင်ငံမှာ ဆေးခြောက်ကိုတရားဝင် သုံးစွဲခွင့်ပြုခဲ့ပြီးနောက် တစ်နှစ်ကျော်ကြာလာချိန်မှာ တော့ဆေးခြောက် အပန်းဖြေသုံးစွဲခွင့် တားမြစ်မယ့် ဥပဒေမူကြမ်းအတွက် ထိုင်းအစိုးရက ပြည်သူတွေရဲ့ သဘောထားကောက်ခံသွားဖို့ ရှိနေပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်က ဆေးခြောက်သုံးစွဲတာဟာ ရာဇဝတ်မှုမမြောက်ဘူးလို့ ပထမဆုံးသတ် မှတ်တဲ့ အရှေ့တောင်အာရှနိုင်ငံဖြစ်လာတဲ့ ထိုင်းမှာ ဆေးခြောက်ရောင်းချတဲ့ဆိုင်တွေထောင်နဲ့ချီ ရှိလာသလို ဆေးခြောက်လုပ်ငန်းနယ်ပယ်အားကောင်းလာခဲ့ပြီး လာမယ့်နှစ်အနည်းငယ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံအထိ ဝင်ငွေရရှိဖို့ မျှော်လင့်ထားတာပါ။

ဆေးခြောက်ကို တလွဲသုံးစွဲမှုနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ထွက်ပေါ်နေချိန်မှာ ဝန်ကြီးချုပ် သာဗီဆင်က အပန်းဖြေသုံးစွဲမှုကို ဆန့်ကျင်ထားသလို ဆေးဘက်ဆိုင်ရာ သုံးစွဲမှုတွေကိုတော့ အစိုးရက ထောက်ခံသွားမယ်လို့ ပြောထားပါတယ်။

လက်ရှိမှာတော့ အစိုးရဟာ ဆေးခြောက်ကို အပန်းဖြေသုံးစွဲခွင့်အဆုံးသတ်ရေး လုပ်ဆောင် တာဟာ သူတို့ရဲ့ ရွေးကောက်ပွဲ ကတိကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းတာဖြစ်တယ်လို့ သိရပါတယ်။

မှားယွင်းတဲ့ နည်းလမ်းနဲ့ ဆေးခြောက်အသုံးပြုမှုကို တားမြစ်ရေး ဥပဒေကြမ်းတစ်ရပ် ရေးဆွဲထားတယ်လို့ ကျန်းမာရေးဝန်ကြီး ချိုလ်နန်ဆရီကွေးက မီဒီယာတွေကို အသိပေးထားပါတယ်။

ဆေးခြောက်အပန်းဖြေသုံးစွဲသူတွေကို ဒဏ်ငွေ ဘတ် ၆ သောင်းအထိချမှတ်မှာဖြစ်သလို ကြော်ငြာလုပ်ငန်းနဲ့ မားကက်တင်း ကုမ္ပဏီတွေကိုတော့ ထောင်တစ်နှစ် ဒါမှမဟုတ် ဘတ် ၁ သိန်း အထိ ပြစ်ဒဏ်ချမှတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လိုင်စင်မရှိဘဲ ဆေးခြောက်စိုက်ပျိုးသူတွေကိုလည်း ဒဏ်ငွေ ဘတ် ၂ သောင်းကနေ ၃ သိန်း အထိချမှတ်မှာဖြစ်သလို ထောင်ဒဏ်အနေနဲ့ ၁ နှစ်ကနေ ၃ နှစ်အထိချမှတ်မှာဖြစ်တယ်လို့ သိရပြီး ဒီဥပဒေကြမ်းအတွက် ပြည်သူတွေအနေနဲ့ လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး သဘောထားအမြင်ပေးရမှာဖြစ်တယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ ထိုင်းနိုင်ငံအတွင်း ဆေးခြောက်ကို တရားဝင်သုံးစွဲခွင့်ပြုထားပေမယ့် အပန်းဖြေသုံးစွဲမှုနဲ့ပတ်သက်ပြီး ဥပဒေဟာကွက်တွေရှိနေသေးတယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.