မလေးရှားမှာ ရေလွှမ်းမိုးမှုကြောင့် လူ ၂၆၀၀၀  နီးပါး ဘေးလွတ်ရာရှောင်တိမ်းနေရ

0
55

ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၂၈

မလေးရှားနိုင်ငံရဲ့ ပြည်နယ်လေးခုက လူဦးရေ ၂၆၀၀၀ နီးပါးဟာ ဆိုးရွားတဲ့ ရေလွှမ်းမိုးမှု အခြေအနေတွေကြောင့် နေရပ်စွန့်ခွာနေရပြီး ဘေးလွတ်ရာကို ရှောင်တိမ်းနေရတယ်လို့ လူမှုဖူလှုံရေးဦးစီးဌာနက ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့ ညပိုင်းအထိ ကီလန်တန်၊တီရန်ဂါနူ၊ပန်ဟန်နဲ့ ဆီလန်ဂေါမှာရှိတဲ့ ကယ်ဆယ်ရေးစခန်း ၂၁၁ ခုမှာ ရေဘေးသင့်ပြည်သူ ၂၅၉၀၀ အထိရှိတယ်လို့ ရေကြီးသတင်းတွေဖော်ပြနေတဲ့ ဝက်ဘ်ဆိုက်မှာ အသိပေးထားပါတယ်။

ကီလန်တန်နဲ့ တီရန်ဂါနူ အရှေ့ဘက်ကမ်းခြေရှ လူဦးရေ ၁၅၄၀၀ နဲ့ ၁၀၁၀၀ တို့ဟာ ရေဘေးသင့်နေပြီး မိသားစု ၈၀၀၀ နီးပါး ယာယီခိုလှုံရေးစင်တာတွေမှာ ရောက်ရှိနေတာပါ။

ဒါ့အပြင် မလေးရှာက ပြည်နယ်တချို့မှာလည်း ရေကြီးရေလျှံမှုကြောင့် ကလေးငယ်သေဆုံးသူ ၃ ဦးအထိရှိနေတဲ့အတွက် လူကြီးတွေမပါဘဲ ကလေးတွေကို ရေကစားခွင့်မပေးဖို့နဲ့ ကလေးတွေရဲ့ လုံခြုံရေးအတွက် လူထုက သတိထားဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

ရေလွှမ်းမိုးမှုတွေကြောင့် ပြည်နယ်ခရိုင်တော်တော်များများမှာလည်း လမ်းပိတ်ဆို့နေတဲ့အတွက် သွားလာရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ကီလန်တန်နဲ့တီရန်ဂါနူတို့မှာ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ မိုးစဲခဲ့ပေမယ့် မြစ်အများအပြားဟာ အန္တရာယ်ရှိနိုင်တဲ့ ရေမြင့်တက်မှုဖြစ်နိုင်ခြေရှိနေတုန်းပဲလို့ စွမ်းအင်နဲ့ သယံဇာတ ဝန်ကြီးဌာနက သတိပေးထားပါတယ်။

မလေး-ထိုင်းနယ်စပ်ဖြစ်တဲ့ ကီလန်တန်ပြည်နယ်က ဂိုလော့မြစ်ဟာ ၁၁ ဒသမ ၄ မီတာအထိမြင့် တက်ခဲ့ပြီး ၂၀၁၄ ခုနှစ်ရဲ့ စံချိန်တင်ရေလွှမ်းမိုးမှု ၁၀ ဒသမ ၈၄ မီတာကို ကျော်လွန်ကာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူပေါင်း ၃ သိန်းကို ဘေးလွတ်ရာရွှေ့ပြောင်းပေးထားတာပါ။

မိုးလေဝသနဲ့ ဇလဗေဒဌာနရဲ့ အချက်အလက်တွေအရ မလေးရှားနိုင်ငံဟာ အရှေ့မြောက်ဘက် မုတ်သုံရာသီထဲရောက်ရှိနေတဲ့အတွက် အောက်တိုဘာလမှ မတ်လအထိ ကြာမြင့်နိုင်တယ်လို့ ဆိုထားပါတယ်။

မလေးရှားနိုင်ငံရဲ့ ကီလန်တန်၊တီရန်ဂါနူ၊ပန်ဟန်နဲ့ ဆီလန်ဂေါ ပြည်နယ်တို့မှာ ဒီဇင်ဘာလ ၂၇ ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွားနိုင်တယ်လို့ မိုးဇလပညာရှင်တွေက အသိပေးထားပါ တယ်။

Ref:The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.