ပေါင်မြို့နယ်မှာ လင်မယားရန်ဖြစ်ပြီး ယောက္ခမနေအိမ် မီးရှို့ခံရလို့ ကလေးငယ် တစ်ဦး သေဆုံး

0
44

ပေါင် – ဒီဇင်ဘာ ၂၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့မှာ လင်မယားတွေ ရန်ဖြစ်ပြီးနောက် သမက်ဖြစ်သူက ယောက္ခမနေအိမ် မီးရှို့ရာကနေ နေအိမ် နှစ်လုံးမီလောင်ပျက်စီးသွားပြီး အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီမီးလောင်မှုဖြစ်စဉ်ဟာ လယ်အငှားစောင့် လုပ်ကိုင်ကြတဲ့ ဦးခင်အေးနဲ့ဇနီးဒေါ်ခင်သန်းချို တို့ဟာ လင်မယားချင်းစကားများ ရန်ဖြစ်ပြီးနောက် ဇနီးဖြစ်သူက လွန်ခဲ့တဲ့ ၃ ရက်ကတည်းက ဇင်းကျိုက်မြို့ ဝါရီရူလမ်းရှိ မိခင်ဖြစ်သူ ဒေါ်ခင်ညွန့်ရဲ့ နေအိမ်မှာ လာရောက်နေထိုင်နေတာပါ။

အဲဒီနောက် ဒီဇင်ဘာ ၂၇ ရက်နေ့ မနက် ၁ နာရီအချိန်ခန့်မှာ အရက်မူးလာတဲ့ ခင်ပွန်းဖြစ်သူ ဦးခင်အေးက ယောက္ခမဖြစ်သူ ဒေါ်ခင်ညွန့်ရဲ့ နေအိမ်ကို လာရောက်မီးရှို့ခဲ့တဲ့အတွက် မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

မီးလောင်မှုကြောင့် ယောက္ခမဖြစ်သူ ဒေါ်ခင်ညွန့်နေအိမ်နဲ့ အိမ်နီးချင်း ဒေသခံကိုတိုးတိုးတို့ရဲ့ နေအိမ် နှစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး ဒေါ်ခင်ညွှန့်ရဲ့ မြေးဖြစ်သူ အသက် ၇ နှစ်အရွယ် Grade (၁) ကျောင်းသူ မသွန်းပကထော မီးလောင်သေဆုံးခဲ့ရပါတယ်။

မီးလောင်မှုဖြစ်စဉ်ကို ပေါင်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်အပါအဝင် လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေက ဝိုင်းဝန်းငြိမ်းသတ်ခဲ့တဲ့အတွက် မနက် ၂ နာရီအချိန်ခန့်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။

ယောက္ခမနေအိမ် မီးရှို့ထွက်ပြေးသွားတဲ့ သမက်ဖြစ်သူ ဦးခင်အေးကို ဒေသခံတွေရဲ့ လိုက်လံဖမ်းဆီးမှုကြောင့် ဖမ်းဆီးရမိခဲ့ပြီး လက်ရှိမှာတော့ ဇင်းကျိုက်နယ်မြေရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၂ ရက်နေ့ကလည်း ဇင်းကျိုက်မြို့၊ဘုံကျောင်းလမ်းရှိ နေအိမ်တစ်လုံးကနေ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့တဲ့အတွက် လူ ၄ ဦးသေဆုံးပြီး နေအိမ် ၈ လုံး မီးလောင်ပျက်စီးထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.