ပေါင်မြို့နယ်အခြေစိုက် ခမရ – ‌‌၁၀၂ က ဗိုလ်ကြီးတစ်ဦးအပါအဝင် ၅ ဦး လက်နက်နဲ့အတူ KNU ထံ အလင်းဝင်

0
44

ဒူးပလာယာ၊ ဒီဇင်ဘာ ၂၁

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ် မြေအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းလာနေတဲ့ စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ၅ ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ တပ်မဟာ ၆ ထံ လာရောက်ပူးပေါင်းခဲ့တယ်လို့ KNU ဒူးပလာယာခရိုင် သတင်းနဲ့ပြန်ကြားရေးက ဒီဇင် ဘာ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အခုလက်ရှိကာလမှာ တပ်မဟာ ၆ ဒူးပလာယာခရိုင်အတွင်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေ နေ့ရာအနှံ့ နေ့စဉ် ဖြစ်ပွားနေတဲ့အတွက် ပြည်သူသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရသလို စစ်ကောင်စီတပ်ဘက်ကလည်း လူ၊ လက်နက်အင် အား မမျှတော့တဲ့အပြင် စိတ်ဓာတ်ပိုင်းမှာလည်း ကျဆင်းလာနေတယ်လို့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။

KNU ဒူးပလာယာခရိုင်အတွင်း နှစ်ပေါင်းများစွာ အခြေ ချလျက်ရှိနေတဲ့ စစ်ကောင်စီတပ်တွေက အထက်အမိန့်ကို ဖီဆန်ပြီး KNU နဲ့ KNLA ထံ အများအပြား လာရောက်ပူးပေါင်းလျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နဲ့ ၁၇ ရက်နေ့တွေအတွင်းက စစ်ကောင်စီရဲ့ တပ်မ ၄၄ လက်အောက်ခံ ခမရ-၁၀၂ တပ်ရင်းက ဗိုလ်ကြီးအောင်မျိုးဝင်း၊ တပ်သားအောင်ကိုမင်း၊ ဆေးတပ်သားအောင်မျိုးဝင်းနဲ့ နယ်ခြားစောင့်တပ် BGF ၁၀၂၂ တပ်ရင်းက တပ်သားစောပေထူး၊ တပ်သားကောင်းဆက်ထွန်း စုစုပေါင်း ၅ ဦးတို့ဟာ KNU တပ်မ ဟာ ၆ လုံခြုံရေးစစ်ကြောင်းထံ လက်နက်ခဲယမ်းတွေနဲ့အတူ လာရောက်ပူးပေါင်းခဲ့တာပါ။

သူတို့နဲ့အတူ MA-5 (၁) လက်၊ 9mm ကျည်ဘောက် (၁) ခု၊ ကျည် (၁၀) တောင့်၊ MA-3 (၂) လက်၊ ကျည်ဘောက် (၂) ခု၊ ၅.၅၆ ကျည်တောင့် (၉၅) တောင့်၊ M-4 (၁) လက်၊ ကျည်ဘောက် (၇) ခု၊ လက်ပစ်ဗုံး (၂) လုံး၊ M-4 Crbine (၁) လက်၊ ကျည်ဘောက်တို (၁) ခု စတဲ့ ပစ္စည်းတွေပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လာရောက်ပူးပေါင်းလာတဲ့ စစ်ကောင်စီနဲ့ BGF တပ်သားတွေကို KNU တပ်မဟာ ၆ တာဝန်ရှိသူတွေက ထောက်ပံ့ငွေတွေ ကူညီထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံတပ်က ဘယ်စစ်သားမဆို မိမိတို့ရဲ့တပ်ကို စွန့်ခွာပြီး ကရင်အမျိုးသားအစည်းအရုံး KNU ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ နွေးထွေးတဲ့ ပြည်သူလူထုရဲ့ ရင်ခွင်ထဲကို လာရောက်ပူးပေါင်းရန် ဖိတ်ခေါ်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။

ဒီလိုလာရောက်ပူးပေါင်းတဲ့ စစ်ကောင်စီ စစ်သားတွေကိုလည်း ရှေ့ဆက်ဘ၀ ရပ်တည်နိုင်ဖို့အတွက် ကူညီထောက်ပံ့ပေးသွားမှာဖြစ်ပြီး ပါလာတဲ့ လက်နက်အမျိုးအစားအလိုက် ကာလတန်ဖိုးနဲ့အညီ ထပ်မံပေးအပ်မှာဖြစ်သလို အလုပ်အကိုင်အခွင့်အလမ်းအတွက်လည်း ကူညီဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ တပ်မဟာ(၆) တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.