တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူကို စစ်ကောင်စီသွေးခွဲဖို့လုပ်နေတယ်လို့ NUG ပြော

0
51

မော်လမြိုင် – ဒီဇင်ဘာ ၂၂

အာဏာသိမ်းစစ်ကောင်စီတပ်အနေနဲ့ အဖက်ဖက်က ကျဆုံးဖို့ နီးလာတာကြောင့် တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူကို သွေးခွဲဖို့ ပိုမိုလုပ်ဆောင်လာနေတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့ အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် ၅၁/၂၀၂၃ မှာအခုလိုပြောခဲ့ တာပါ။

“တော်လှန်ရေးဖြစ်စဉ်တစ်ခုလုံးကို ခြုံကြည့်ရ မယ်ဆိုရင် စစ်တပ်အနေနဲ့ အဖက်ဖက်ကကျဆုံးဖို့ နီးသထက်နီးလာတာကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူအကြား သွေးခွဲဖို့ ပိုပြီး လုပ် ဆောင်လာနေပါ‌ကြောင်း။ ဒီအခြေအနေတွေကိုလည်း ကျွန်တော်တို့ရဲ့ တော်လှန်ရေးရဲ ဘော်ရဲ ဖက်တွေရော ပြည်သူတွေကိုပါ သတင်းအမှန်တွေပေးပြီး သွေးခွဲစကားနဲ့ သတင်းတွေကို ချေဖျက်ကြရမှာ ဖြစ်တယ်” လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ နောက်ဆုံးထွက်ပေါက်ကိုလည်း ရှာဖွေနေတဲ့အတွက် နည်းလမ်း အမျိုးမျိုးကို ပြင်ဆင်ထားကြဖို့လည်း တော်လှန်ရေးအင်အားစုတွေကို တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံခြားသုံးငွေ ပြတ်လပ်မှုကို ကုစားနိုင်ဖို့ ငွေလဲလှယ်နှုန်းနဲ့ ပတ်သက်ပြီး အထူးတင်းကြပ်ထားတဲ့ မူဝါဒတွေကို ပြန်လည်ဖြေလျော့ပေးထားတာဟာ စစ်ကောင်စီအနေနဲ့ တိုင်းပြည်ကို တည်ကြိမ်အောင်ထိန်းသိမ်းနိုင်စွမ်း မရှိဘူးဆိုတာ ကောင်းစွာမြင်တွေ့နေရတဲ့ အတွက် တော်လှန်ရေး အင်အားစုတွေရဲ့ လုပ်ဆောင်ချက်တွေကိုလည်း နိုင်ငံတကာက ပိုပြီး သိရှိနိုင်ဖို့ သတင်းစကားဖြန့်ဝေမှုတွေ ဆက်တိုက်လုပ်ဆောင်ကြဖို့လိုတယ်လို့လည်း ဆိုပါသေး တယ်။

အစည်းအဝေးကိုကြားကာလဒေသန္တရပြည်သူ့ အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟို ကော်မတီဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဦးဆောင်ကာ ပြည်ထောင်စု ဝန်ကြီးတွေ၊ဒုတိယဝန်ကြီးတွေနဲ့ အမြဲတမ်း အတွင်းဝန်တွေ၊ဌာနဆိုင်ရာ တာဝန်ရှိသူတွေဆက်ရောက်ခဲ့ကြပါတယ်။

ဆက်လက်ပြီး တက်ရောက်လာကြတဲ့ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီဝင်တွေက ၅၀/၂၀၂၃ မှာ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက် ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ ပြီးစီးမှု အခြေအနေတွေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ ကျန်ရှိနေတဲ့ လုပ်ငန်းစဉ်တွေ ကို ချပြရှင်းလင်းပြီး တာဝန်ရှိသူတွေက ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.