ထားဝယ်ထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးသေဆုံး

0
376

ထားဝယ်၊ အောက်တိုဘာ(၂၉)

တနင်္သာတိုင်းဒေသကြီး၊ ထားဝယ်အကျဉ်းထောင်မှာ ထောင်ဒဏ် ၁၃ နှစ် ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံးသွားတယ်လို့ ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ယက် (DPPN)က ထုတ်ပြန်ပါတယ်။

အသက် ၄၄ အရွယ် နိုင်ငံရေးအကျဉ်းသား ဦးကျော်သိန်းဟာ အောက်တိုဘာ ၂၇ ရက်နေ့ မနက် ၁၀ နာရီအ ချိန်လောက်မှာ ရုတ်တရက် အမောဖောက်လာတဲ့အတွက် ထောင်တွင်းဆေးခန်းကနေ ပြင်ပဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ယက်ရဲ့ ထုတ်ပြန်ချက်အရ ဒီသေဆုံးမှုဟာ စစ်တပ်အာ ဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦး ပထမဆုံးအကြိမ် သေဆုံးမှုလည်း ဖြစ်ပါတယ်။

လောင်းလုံးမြို့နယ် ဟင်းချိုတောရွာသား ဦးကျော်သိန်းဟာ ပြီးခဲ့တဲ့မတ်လတုန်းက ကျေးရွာအတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာစဉ် ညီဖြစ်သူနဲ့အတူ ဖမ်းဆီးခံခဲ့ရတာပါ။

အဲဒီနောက်စစ်ကောင်စီဟာ ညီဖြစ်သူကို ပြန်လွှတ်ပေးခဲ့ပေမယ့် ဦးကျော်သိန်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁၊ ၅၂ ၊ ၅၀ (ည)တွေနဲ့ ဖမ်းဆီးအမှုဖွင့်ပြီးနောက် ထောင်ဒဏ် ၁၃ နှစ် ပြစ်ဒဏ်ချမှတ်ထားတာပါ။

မိသားစုနဲ့နီးစပ်သူတစ်ဦးကတော့ ဦးကျော်သိန်းကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့မှာ မိသားစုက အကျဉ်းထောင်အတွင်း သွားရောက်တွေ့ဆုံခဲ့ပြီး အခုလိုရုတ်တရက်သေဆုံးမှုအပေါ် အံအားသင့်ရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

သေဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်သား ဦးကျော်သိန်းကို အောက်တိုဘာ ၂၅ ရက်နေ့ သဂြိုဟ်ခဲ့ရတယ်လို့ သိရပါတယ်။

ထားဝယ်အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၅၀၀ ကျော်ရှိနေပြီး ထောင်တွင်းဆေးခန်းမှာလည်း ဆေးဝါးမလုံလောက်တာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမရကြဘူးလို့ ထားဝယ်နိုင်ငံရေး အကျဉ်းသားများ ကွန်ယက်ကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.