CDM လေတပ် တပ်ကြပ်ကြီးဇေယျ နဲ့ ဆက်သွယ်မေးမြန်းချက်

0
1756

“Su-30SME ဖိုက်တာဂျက်ရဲ့အားသာချက်က နေပြည်တော်ကနေ ကြိုက်တဲ့နေရာ ဗုံးကြဲတိုက်ခိုက်လို့ရတယ်။ ဗုံးပမာဏကို အရေအတွက်တွေ အများကြီးထည့်သုံးလို့ရတယ်”

ရုရှားနိုင်ငံက မှာထားတဲ့ Su 30 SME ဖိုက်တာဂျက် တိုက်လေယာဉ်နှစ်စင်း ပထမဆုံးအသုတ်အနေနဲ့ မြန်မာ နိုင်ငံကို ရောက်ရှိလာပြီး စစ်ကောင်စီစက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အတည် ပြုပြောကြားကြောင်း ရုရှားအစိုးရပိုင် RIA သတင်းမှာ ဖော်ပြပါတယ်။ Su-30SME ဖိုက်တာဂျက် ခြောက်စင်း ပေးပို့ဖို့ ရုရှားနဲ့ မြန်မာစစ်ကောင်စီတို့ကြား ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် စက်တင်ဘာလမှာ သဘောတူစာချုပ် ချုပ်ထားခဲ့တာဖြစ်ပြီး အခုအခါမှာတော့ ပထမဆုံးအသုတ်အနေနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် အသစ်ရောက်ရှိလာတဲ့ Su 30 SME ဖိုက်တာဂျက် တိုက်လေယာဉ်တွေရဲ့ အားသာချက်တွေ၊ လာမယ့် ပွင့်လင်းရာသီမှာ စစ်ကောင်စီဘက်က ဘယ်လိုလေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာနိုင်လဲ။ လေကြောင်းတိုက်ခိုက်မှုအတွက် ရှောင်ရန်၊ ဆောင်ရန်တွေနဲ့ ပတ်သက်ပြီး CDM လေတပ် တပ်ကြပ်ကြီးဇေယျနဲ့ ဆက်သွယ်မေးမြန်းချက်။

၁။ အရင်ဆုံးစစ်ကောင်စီရဲ့ လေတပ်အခြေအနေနဲ့ တိုက်ပွဲတွေမှာ လေကြောင်းကို ဘယ်လောက်အထိ အားထားလာရလဲ။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။

စစ်တပ်က အစောကြီးတည်းက ဘာစစ်ရေးဗျူဟာ ကျွမ်းကျင်မှုမှမရှိပါဘူး။ အဓိက သူတို့ကလက်နက်အစုံနဲ့ ဖိတိုက်တာတို့၊ သာမန်ဘာလက်နက်မှမရှိတဲ့ လက်နက်ကိုင်EAOအဖွဲ့နဲ့ တိုက်တဲ့အချိန်မှာ သာလွန်အင်အားတွေနဲ့ဖိပြီး လက်နက်ပေါင်းစုံသုံးပြီး တိုက်နိုင်တဲ့အား၊ ကျည်တအားသုံးနိုင်တဲ့ အခြေအနေကြောင့်သာ ဒီကာလမှာဘာဖြစ်သွားလဲဆိုတော့ လေယာဉ်ကိုတအား အားထားတဲ့အဆင့်ဖြစ်သွားတယ်။

ရိက္ခာခဲယမ်းပို့တာလည်း လေယာဉ်နဲ့ပဲ။ နောက်ဆုံးစစ်ပွဲမှာ လေယာဉ်မလာဘူးဆိုရင် အလွယ်တကူလက်နက် ချလိုက်တဲ့ ပုံစံမျိုးလည်း ဖြစ်လာတာပေါ့။ ရန်သူ့စခန်းတွေကိုလည်း ကင်းထောက်တာကအစ လေယာဉ်နဲ့ပဲ။ ဒရုန်းတွေ၊ လေယာဉ်တွေပဲ ဒီလေတပ်ဟာတွေအသုံးပြုပြီး လေကြောင်းက သူတို့အတွက် အရေးပါတဲ့အနေအထားဖြစ်သွားတာပေါ့။

၂။ ရုရှားကနေ အသစ်ရောက်လာတဲ့ လေယာဉ်နှစ်စီးအကြောင်း ပြောပြပေးပါဦး။ အဲဒီလေယာဉ်ရဲ့ အားသာချက်၊ အားနည်းချက် ဘယ်လိုရှိလဲ။

လေယာဉ်နှစ်စီးက ၂၀၂၂တည်းက ပထမအသုတ်အနေနဲ့ ရောက်ပြီးသွားပြီပေါ့။ သူတိုထုတ်ပြန်တာနောက်ကျ တာပေါ့။ အမှန်က၂၀၂၂မှာနှစ်စင်း၊ ၂၀၂၃မှာနှစ်စင်းလာရမယ်လို့ ကျွန်တော်သိထားတယ်။ ဒီနှစ်မှာလာမလား၊ လာမယ့်နှစ်မှာ လာမလားမသိ။ ခြောက်စီး ရောက်ဖို့ရှိတာ။ နေပြည်တော်မှာ သူတို့လေ့ကျင့်တာ။ ခရီးရှည် နေပြည်တော်ကနေ ဟိုင်းကြီးကျွန်းကိုပတ်တယ်။ ဟိုင်းကြီးကျွန်းကနေ ရခိုင်ဘက်ကိုပတ်တယ်။ မကွေး၊ ဂန့်ဂေါကိုပတ်ပြီး နေပြည်တော်ပြန်ဆင်းဆိုတော့ တော်တော်ဝေးဝေးကို ပြန်ပတ်တယ်တဲ့သဘောတွေ့ရတယ်။

နေပြည်တော်ကနေ မြောက်ဘက် မြစ်ကြီးနား၊ ရှမ်းပြည်မြောက်ပိုင်းဘက်ကိုပတ်။ အရှေ့ဘက်ကနေပတ် အဲဒီလိုကနေ လေ့ကျင့်တာဆိုတော့ နေပြည်တော်ကနေ မြန်မာနိုင်ငံဘယ်နေရာကိုဖြစ်ဖြစ် သွားပြီးဗုံးကြဲလို့ရတယ်။ တိုက်ခိုက်လို့ရတယ်ဆိုတဲ့ သူ့ရဲ့အားသာချက်တွေရှိတယ်။ သူကပေါင်၂၅၀လို ဗုံးတွေကိုဗိုက်ထဲထည့်ပြီး ရာနဲ့ချီကြဲလို့ရတယ်။ အားနည်းချက်က ကုန်ကျစရိတ်ပိုများတယ်။ သူ့မှာသုံးတဲ့ လက်နက်ခဲယမ်းတွေယူသုံးရ မှာဆိုတော့ ဒေါ်လာတွေကုန်မယ်။ ရုရှားကနေဝယ်တာ တစ်နှစ်ပြည့်တာတောင် အခုချိန်ထိ သူတို့မသုံးရသေးဘူး။ ပြပွဲလောက်ပဲ သူတို့သုံးတယ်ပေါ့။ ဒီစစ်ပွဲမှာ စရိတ်စကသက်သာတယ်။ လေယာဉ်အားသာချက်က နေ ပြည်တော်ကနေ ကြိုက်တဲ့နေရာ ဗုံးကြဲတိုက်ခိုက်လို့ရတယ်။ ဗုံးပမာဏကို အရေအတွက်တွေ အများကြီးထည့် သုံးလို့ရတယ်။ သုံးဖို့ကုန်ကျစရိတ်များနေတော့ သူတို့သုံးမှာ မဟုတ်ဘူး။

လာမယ့်ပွင့်လင်းရာသီကတော့ လေယာဉ်ကတော့ သုံးတော့သုံးလိမ့်မယ်။ စစ်ပွဲကရှည်ကြာလာတယ်။ သူတို့ရဲ့ ဗုံးထုတ်လုပ်နိုင်တဲ့ ကန့်သတ်ချက်တွေ ရှိလာတယ်။ ဗုံးအတွက်ကုန်ကြမ်းတွေက ဒေါ်လာနဲ့ဝယ်ရတယ်။ အများ ကြီးပဲ သူတို့အတွက်ကုန်ကျစရိတ်တွေကများတယ်။ ဒီမိုးတွင်းကာလလည်း လိုအပ်နေတာဖြစ်တယ်။ နေသာ ရင် သူတို့နောက်က ဗုံးကထုတ်တဲ့အခါ အလျင်မမှီရင် ပေါင်၂၅၀ဗုံးတွေ၊ ပေါင်၅၀၀ဗုံးတွေဆိုရင် သူတို့ထုတ်ဖို့ အလျင်မမှီတော့ သူတို့ဗုံး၁၂၀တို့ ၅၀ကေဂျီတွေ ထုတ်ဖို့လွယ်တဲ့ဟာတွေ ပွင့်လင်းရာသီမှာ သုံးလာနိုင်တယ်။

ဗုံးတွေက ကပစကထုတ်တော့ ပြင်းအားလည်းမရှိဘူး။ လက်ရှိအချိန်ကတော့ သမာရိုးကျဗုံးပဲသုံးတယ်။ သူတို့ စခန်းကလူတွေ အလွယ်တကူလက်နက်မချအောင်လို့ လေယာဉ်ပစ်ကူပေးတယ်ဆိုတဲ့ စိတ်ဓာတ်စစ်ဆင်ရေး အရ ဒီဘက်ကိုလေယာဉ်လာပြီး ဗုံးကြဲတယ်ဆိုတဲ့ အကြောက်တရားကို ဖိပေးတဲ့ပုံစံမျိုးလောက်ပဲပေးတာ။ ထိရောက်သလားဆို တအားကြီးမထိရောက်ဘူး။ သူတို့သာလေကြောင်းဗုံးကြဲမှု ထိရောက်ရင် ကျွန်တော်တို့ လူတွေ ဒီလောက်အထိ ဘယ်လောက်ထိ ရပ်တည်နိုင်မလဲ။ 

၄။ ဒီလေယာဉ်တွေကို ခုခံလို့မရဘဲ ကာကွယ်လို့ပဲ ရနိုင်မယ့်အခြေအနေဆိုတော့ စစ်ရှောင်တွေ၊ ကာကွယ်ရေး တပ်တွေအနေနဲ့ ဘယ်လိုပြင်ဆင်သင့်လဲ။ အကြုံပြုပေးပါဦး။

အရပ်သားပြည်သူတွေ စစ်ပွဲဧရိယာထဲကဒေသကလူတွေက အိမ်တိုင်းမှာ ဗုံးခိုကျင်းတွေစနစ်တကျ တူးထားရ မှာပေါ့။ ထမင်းခြောက်တွေ၊ ဘာတွေ ဒါတွေကမဖြစ်မနေလုပ်ရမှာပေါ့။ လေယာဉ်ကိုကာကွယ်ဖို့က တိုက်ခိုက် နိုင်စွမ်းမရှိသေးတဲ့အတွက် သာမန်အရပ်သားစစ်ရှောင်တွေကတော့ ဗုံးခိုကျင်းတွေ တူးထားသင့်တယ်။ PDF စခန်းတွေလည်း ဘန်ကာအခိုင်အမာနဲ့ ဆောက်ထားသင့်တယ်။ ဒရုန်းတပ်တွေက လက်ရှိ PDF တပ်တွေရဲ့ လေတပ်ပေါ့နော်။ လေတပ်တွေကို တိုက်ခိုက်တဲ့ စနစ်တကျသင်တန်းပေးပြီး သူတို့ရန်သူလေတပ်ရဲ့ အမူအ ကျင့်၊ လေယာဉ်တိုက်ခိုက်တဲ့နည်းတွေကို စနစ်တကျသင်ကြားပေးတာမျိုးတွေ ရှိသင့်နေပြီ။ ကာကွယ်ရေးတပ် ဖွဲ့တွေက လုပ်ထားသင့်တယ်။ ဆီသယ်တဲ့လမ်းကြောင်းတွေ ဖြတ်တိုက်ခိုက်ဖို့တွေက မဖြစ်မနေလုပ်ရမယ့် အလုပ်တွေပေါ့။

 ၅။ နိုင်ငံတကာအနေနဲ့ အခုလိုစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ထိထိရောက်ရောက် အရေးမယူ

သေးတဲ့အပေါ် ဘယ်လို မှတ်ချက်ပြုလိုပါသလဲ။

နိုင်ငံတကာက ပြည်သူဘက်ကို ရပ်တည်ပါတယ်ဆိုပြီး အပြလောက်ပဲလုပ်တာ။ လေယာဉ်ဆီကိစ္စဆိုရင်လည်း လေတပ်အတွက်ဆိုပြီး ပြောဝယ်မှာမဟုတ်ဘူး။ နိုင်ငံတကာဆိုတာလည်း အမျိုသားအကျိုးစီးပွားကို ရှေးရှုတာ ဖြစ်လို့ ဒီမိုကရေစီက လူသာချင်းစာနာမှုစနစ်တွေနဲ့ သွားတဲ့နိုင်ငံဖြစ်လို့ သူတို့ဒီဘက်ကို ထောက်ခံတယ်၊ ကူညီ တယ်ဆိုတာ အပြလောက်ပဲ။ တကယ်တမ်းက သူတို့အကျိုးစီးပွားလောက်ပဲ လုပ်တယ်လို့  မြင်တယ်။ ကျွန်တော်တို့ဆီမှာ သူတို့အကျိုးစီးပွားသိပ်မရှိတဲ့အတွက် သူတို့ကစာရွက်ပေါ်လောက်ပဲ ကူညီနေတာပေါ့။ ကျွန်တော်တို့ကတော့ ဘာမှထွေထွေထူးထူးပြောစရာမလိုဘူး။ နိုင်ငံတွေမှာလည်း သူ့တို့အကျိုးစီးပွားကိုပဲ ရှေ့တန်းတင်တာဖြစ်လို့  ဘာမှထွေထွေထူးထူးပြောစရာမလိုဘူး။ နိုင်ငံတကာကတော့ ဝမ်းနည်းကြောင်း စိုးရိမ်ကြောင်းလောက်ပဲ အများစုကလုပ်နေတာလို့ ကျွန်တော်က အဲဒီလိုမြင်တယ်။ မတရားမှုကို လက်ပိုက် ကြည့်နေရင် သူတို့ဆီလည်း မတရားမှုကဖြစ်လာမှာ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.