လစ်ဗျားမှာ မိုးရွာသွန်းမှုကြောင့် ရေကာတာ ၂ ခုပျက်စီးပြီးနောက် သေဆုံးသူ (၅၀၀၀) ကျော်အထိ မြင့်တက်လာ

0
1044

လစ်ဗျားမှာ မိုးရွာသွန်းမှုကြောင့် ရေကာတာ ၂ ခုပျက်စီးပြီးနောက် သေဆုံးသူ (၅၀၀၀) ကျော်အထိ မြင့်တက်လာ 

လစ်ဗျား၊ စက်တင်ဘာ(၁၄)

လစ်ဗျားမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကာတာနှစ်ခု ပျက်စီးပြီးနောက် သေဆုံးသူဦးရေ(၅၀၀၀) ကျော်အထိ မြင့်တက်လာခဲ့တယ်လို့ တာဝန်ရှိသူတွေက စက်တင်ဘာလ (၁၂) ရက်နေ့က ပြောကြားခဲ့ပါတယ်။

 လစ်ဗျားကို ပြိုင်ဖက်အစိုးရနှစ်ခုက အုပ်ချုပ်နေပြီး နိုင်ငံအရှေ့ပိုင်းရှိ အစိုးရပြည်ထဲရေး ဝန်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူ အယ်ခါရက်ဇ်ကတော့ လူဦးရေ ၁ သိန်းကျော်ရှိတဲ့ ဒါနာဒေသတစ်ခုတည်းမှာတောင် လူပေါင်း (၅၂၀၀) ထက်မနည်း သေဆုံးခဲ့တယ်လို့ ပြောဆိုခဲ့ကြောင်း နယူးယောက်တိုင်းမ်က ဖော်ပြခဲ့ပါတယ်။ 

လစ်ဗျားနိုင်ငံ အရှေ့ပိုင်းအစိုးရရဲ့ အခြားပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အဘူလမာရှာကလည်း သေဆုံးသူဦး ရေမှာ ၅၃၀၀ ကျော်သွားပြီလို့ လစ်ဗျားနိုင်ငံပိုင်မီဒီယာဖော်ပြချက်ကို ကိုးကားပြီး ဂါးဒီးယန်းသတင်းစာက ဖော်ပြပါတယ်။

ရုပ်အလောင်း အများအပြားဟာ ပင်လယ်ထဲကို မျောပါသွားခဲ့ပြီး ရာနှင့်ချီတဲ့ အလောင်းတွေဟာ လည်း သုသာန်တွေမှာ စုပုံနေကြောင်း အယ်ခါရက်ဇ်ကဆိုခဲ့ပြီး သေဆုံးသူဦးရေဟာ လူ ၁ သောင်းကျော်သွား ဖွယ်ရှိတယ်လို့ ပြောပါတယ်။

 “ငါ့ဘေးမှာ အလောင်းတွေ၊ ငါ့ရဲ့အပေါ်မှာ အလောင်းတွေ၊ ငါ့ရဲ့အောက်မှာ အလောင်းတွေ ရှိနေတယ်” လို့ ဒေသခံဘလော့ဂါတစ်ဦးက အွန်လိုင်းပို့စ်တစ်ခုမှာ ပြောဆိုခဲ့ပါတယ်။ 

လစ်ဗျားမူဝါဒ သုတေသနစင်တာတစ်ခုရဲ့ ဒါရိုက်တာဖြစ်သူက လစ်ဗျားအာဏာပိုင်တွေဟာ ဆည်တွေကို စောင့်ကြည့်ဖို့ အစီအမံတွေနဲ့ မုန်တိုင်းကြောင့်ဘေးလွတ်ရာကို ရွေ့ပြောင်းပေးဖို့ အစီအမံတွေကို သိသိသာသာ မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ ပြောဆိုခဲ့တာပါ။

မုန်တိုင်းကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းဖို့အတွက် မလုပ်ဆောင်နိုင်ခဲ့လို့ ဂရိ၊ တူရကီနဲ့ ဘူလ်ဂေးရီး ယားတို့မှာ လူပေါင်း တစ်ဒါဇင်ကျော် သေဆုံးခဲ့သည့်တိုင် လစ်ဗျားအာဏာပိုင် တွေက ပေါ့လျော့ခဲ့တာဖြစ်ပါ တယ်။

 “ကျွန်တော်တို့က သဘာဝတရားလို့ ပြောပေမယ့် ဒါက လူသားတွေရဲ့လုပ်ရပ်ပဲ။ ဒါဟာ လစ်ဗျားနိုင်ငံရေး ထိပ်တန်းလူတန်းစားတွေရဲ့ အရည်အချင်း မရှိမှုပဲ၊ လူတွေခံနိုင်ရည်ရှိမယ့် ဒုက္ခအဆင့်ကို ဖော်ပြနိုင်မယ့် စကားလုံးတွေတောင် မရှိပါဘူး” လို့ သူက ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ကပ်ဘေးမတိုင်မီ “အကျင့်ပျက်ခြစားမှုနှင့် အရည်အချင်းမရှိမှု” တွေကို စုံစမ်းစစ်ဆေးဖို့ လိုအပ်မှာဖြစ်တယ်လို့လည်း သူက ထပ်လောင်းပြောပါတယ်။ 

“မော်ရိုကိုဖြစ်စဉ်ဟာစက္ကန့်ပိုင်း ဒါမှမဟုတ် မိနစ်ပိုင်းလောက်သာ ရှိကောင်းရှိနိုင်ပေမယ့် လစ်ဗျားမှာတော့ ဒီဟာရီကိန်းနဲ့ ပတ်သက်ပြီး သတိပေးချက်တွေ အများကြီးရှိနေတယ်။

ဒါပေမယ့် ဒါနာကို ဘေးလွတ်ရာ ရွှေ့ ပြောင်းခြင်း မရှိခဲ့ဘဲ အခုတော့ မြို့ရဲ့လူဦးရေ လေးပုံတစ်ပုံဟာ ရေအောက်မှာရှိနေပါပြီ” လို့ ဆိုပါတယ်။

လစ်ဗျားအမျိုးသားတပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ အယ်မစ်စမာရီက မိုးသည်းထန်စွာရွာ သွန်းမှုနဲ့ ရေကြီး မှုတို့ကြောင့် နိုင်ငံအတွင်မှာ အဲဒီလိုရာသီဥတုမျိုး ပထမဆုံးအကြိမ်အဖြစ် ကြုံတွေ့ခဲ့ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ 

လမ်းအခြေအနေတွေကြောင့် ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ခက်ခဲနေတာလို့လည်း ရုပ်မြင်သံကြားသတင်းစာရှင်းလင်းပွဲတစ်မှာ ပြောကြားခဲ့ပါတယ်။ 

လစ်ဗျားအမျိုးသားတပ်မတော်က အဲဒီ ဒေသမှာတော့ လွှမ်းမိုးမှုရှိတဲ့ နိုင်ငံရေးအင်အားစုလည်း ဖြစ်ပါတယ်။ 

သမ္မတဂျိုးဘိုင်ဒန်ကတော့သူနဲ့ သူ့ဇနီးကိုယ်စား လစ်ဗျားနိုင်ငံသို့ အထူးဝမ်းနည်းကြောင်း အလေးအနက် ပြောကြားတဲ့ ကြေညာ ချက်ထုတ်ပြန်ခဲ့ပြီး “လစ်ဗျားမှာ ရေကြီးရေလျှံမှုတွေ ကြောင့် ချစ်ရတဲ့သူတွေကို ဆုံးရှုံးခဲ့ရတဲ့ မိသားစုတွေ အားလုံးကို ဂျေးလ်နဲ့ ကျွန်တော်က အလေးအနက် ဝမ်းနည်းကြောင်း ပေးပို့လိုက် ပါတယ်” လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 “ဒီလိုခက်ခဲတဲ့အချိန်အတွင်းမှာ အမေရိကန်ပြည်ထောင်စုဟာ ကယ်ဆယ်ရေးအဖွဲ့အစည်းတွေ ဆီ အရေးပေါ် ရန်ပုံငွေတွေ ပေးပို့နေပြီး လစ်ဗျားအာဏာပိုင်တွေနဲ့ ကုလသမဂ္ဂတို့နှင့်လည်း ညှိနှိုင်းဆောင်ရွက်နေပါတယ်။ 

လစ်ဗျားပြည်သူတွေ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့အတွက် ဝမ်းနည်းပူဆွေးမှုတွေနဲ့အတူ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေကို ပျောက်ဆုံးနေတဲ့ ချစ်ရသူတွေအားလုံးအတွက် ပေးပို့ခဲ့ပါတယ် ” လို့လည်း သဝဏ် လွှာမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ 

Ref: UPI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.