KNU ညောင်လေးပင်ခရိုင်က ကျေးရွာပေါင်း ၄၀ နီးပါး ရွာလုံးကျွတ် ထွက်ပြေးနေရ

0
1600

ညောင်လေးပင်၊ မတ်(၂၂)

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် ရွှေကျင်နဲ့ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးဝင်ရောက် လှုပ်ရှားမှုတွေကြောင့် ကျေးရွာပေါင်း ၄၀ နီပါး ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေခဲ့ရပြီး ဒေသခံတချို့လည်း ဖမ်းဆီးခံရတာတွေ ရှိနေတယ်လို့ KNU ဗဟိုက မတ် ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အခုလ မတ်လ(၁)ရက်နေ့ကနေ (၁၉)ရက်နေ့အထိ KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ရွှေကျင် မြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင် ရောက်လာ ပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံပြည်သူ (၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဗုဒ္ဓဘာသာရေးကျောင်း သိမ်(၁)လုံး၊ နေအိမ်(၁၆)လုံးနဲ့ စပါးကျီ စတာတွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က ဝင်ရောက်ပြီး ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို မွှေနှောက် ပြီး ဒေသခံပြည်သူနေအိမ်အလုံးပေါင်း(၂၀)၊ ဈေးဆိုင်(၁)ဆိုင်နဲ့ ဆိုင်ကယ်(၃)စီးကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ပြည်သူ(၄)ဦးကိုလည်း စစ်ကောင်စီတပ်က အကြောင်းမဲ့ဖမ်းဆီးထားတယ်လို့ KNU က ဆိုပါတယ်။

စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားပြီး စစ်ရေးလှုပ်ရှားမှုနဲ့ လူ့အခွင့်အ ရေးချိုးဖောက် ဆောင်ရွက်မှုတွေကြောင့် ရွှေကျင်နဲ့ ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၃၉)ရွာက ဒေသခံပြည်သူလူ ထု ၂၀၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ရွာလုံးကျွတ်ထွက်ပြေးတိမ်း ရှောင်နေခဲ့ရကာ ထွက်ပြေးတိမ်းရှောင်ဖို့ ကျန်ရှိနေတဲ့ ကျေးရွာတွေလည်း ရှိနေတယ်လို့ ဆိုထားပါတယ်။

ကျောက်ကြီးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်တွေထဲက ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင် ရောက်လာတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAတပ်မဟာ(၃) ကရင်အမျိုးသား ကာကွယ်ရေးတပ် KNDO တပ်ရင်း(၃) ပူးပေါင်းတပ်ဖွဲ့တို့နဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မတ်လ(၁)ရက်နေ့ကနေ (၁၉)ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ(၃)တို့အကြား ဖြစ် ပွားခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်တွေမှာ ထိခိုက်သေဆုံးမှုစာရင်းနဲ့ ပတ်သက်ပြီး လတ်တလောမှာတော့ KNU အနေနဲ့ ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။

KNU ညောင်လေးပင်ခရိုင် အပါအဝင် ခရိုင်တချို့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်ကျူး လွန်တာတွေ ဆက်လက်လုပ်ဆောင်နေသလို ဒေသခံတွေရဲ့ ထွက်ပြေးတိမ်းရှောင်ရတာတွေဟာ ဆက်လက်ဖြစ်ပွားနေပြီး အကူအညီတွေ ဆက်လက်လိုအပ်နေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.