မကွေး၊ ဖေဖော်ဝါရီ(၂)
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က နှစ်ရက်အတွင်း နေအိမ် ၁၀၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နဲ့ ၃၁ ရက်နေ့တွေမှာ ပခုက္ကူမြို့နယ် ကန်တော်ကျေးရွာနဲ့ ဆားကျင်းကျေးရွာက နေအိမ်တွေကို မီးရှို့ဖျက်စီးခဲ့တာပါ။
မီးရှို့ဖျက်ဆီးခံရတာကြောင့် ကန်တော်ကျေးရွာက နေအိမ်အလုံး ၇၀ နီးပါး၊ ဆားကျင်းကျေးရွာက နေအိမ် ၃၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်က ကျေးရွာတွေအတွင်း ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံ ပြည်သူ ၂၀၀၀ ကျော်ဟာ အသက်ဘေးအန္တရာယ်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
နေအိမ်မီးရှို့ဖျက်ဆီးခံရတဲ့ ဒေသခံတွေကို ပြည်သူလူထုတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး ကူညီစောင့်ရှောက်ပေးကြဖို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။
ခုက္ကူမြို့နယ်မှာတော့ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်တာကာလအတွင်း ကျေးရွာ ၁၆ ရွာနီးပါး မီးရှို့ဖျက်ဆီးခံ ထားရတယ်လို့ သိရပါတယ်။
ISP-Myanmar အဆိုအရ နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းမှုအလွန် လက်နက်ကိုင်ပဋိပက္ခနဲ့ တိုက် ပွဲဖြစ်စဉ်တွေကြောင့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကနေ အခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့အထိ နှစ်လခွဲအတွင်း ဘာသာရေးအဆောက်အအုံအပါအဝင် နေအိမ်အဆောက်အအုံ ၂၀,၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

