နေပြည်တော်၊ ဖေဖော်ဝါရီ(၂)

နိုင်ငံရေးပါတီတည်ထောင်လိုသူတွေအနေနဲ့ အသစ်ပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ရက်ပေါင်း ၆၀ အတွင်း လာရောက်လျှောက်ထားကြဖို့ စစ်ကောင်စီ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်က ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ပါတီမှတ်ပုံတင်ကြေး ကျပ် ၁၀ သိန်းသတ်မှတ်ထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေကို စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က အရေးပေါ်ကာလသက်တမ်း ၂ နှစ်ပြည့်ဖြစ်တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။

နိုင်ငံရေးပါတီတွေအပါအဝင် ပါတီတည်ထောင်လိုသူတွေအနေနဲ့ ထုတ်ပြန်ခဲ့ပြီးဖြစ်တဲ့ ဥပဒေ၊ နည်းဥပ ဒေတွေနဲ့အညီ နေပြည်တော်ရှိ UEC ရုံးကို ကြေညာချက်ထုတ်တဲ့ရက်ကစပြီး ရုံးချိန်အတွင်း ပါတီတည် ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက အသစ်ပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၅ (စ) နဲ့(ဆ) အရ ပြည်ထောင်စုတစ်ဝန်းလုံးမှာ စည်းရုံးမယ့်ပါတီဖြစ်ရင် ပါတီမှတ်ပုံတင်တဲ့ရက်ကစပြီး ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀,၀၀၀ ရှိရမှာဖြစ်သလို ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ရှိရမယ်လို့ ပြဌာန်းထားတာပါ။

အလားတူ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုအတွင်းသာ စည်းရုံးမယ့်ပါတီဆိုရင် ပါတီဝင်ဦး ရေအနည်းဆုံး ၁၀၀၀ ရှိရမှာဖြစ်ပြီး ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀ ကို မြန်မာ့စီးပွားရေးဘဏ်တစ်ခုခုမှာ ငွေစာရင်းဖွင့်လှစ်ပြီးတဲ့ အထောက်အထားရှိရမယ်လို့ ဆိုပါတယ်။

နိုင်ငံရေးပါတီ ဥပဒေ ပုဒ်မ ၅ (ဇ) မှာတော့ ပြည်ထောင်စုတစ်ဝန်းလုံးမှာ စည်းရုံးမယ့် ပါတီအနေနဲ့ ရက်ပေါင်း ၁၈၀ အတွင်း တစ်နိုင်ငံလုံးရှိ မြို့နယ်အားလုံးရဲ့ အနည်းဆုံးထက်ဝက်မှာ ရုံးခန်းဖွင့်လှစ်ရမယ်လို့ ပြဌာန်းထားတာပါ။

တစ်ပြည်လုံးကို လွှမ်းခြုံတဲ့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီကတော့ လက်ရှိဥပဒေပါ ပါတီဝင်နဲ့ ရန်ပုံငွေကန့်သတ်ချက်ကြောင့် တိုင်း ဒါမှမဟုတ် ပြည်နယ်အတွင်းမှာပဲ လွှမ်းခြုံမယ့် ပါတီအဖြစ် ပြောင်းလဲမှတ်ပုံတင်ဖို့ ရည်ရွယ်ထားတယ်လို့ ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ တစ်ပြည်လုံးအနေနဲ့ လွှမ်းခြုံမယ့် ပါတီတွေအတွက် နည်းနည်းလေး အခက်အခဲဖြစ်တာပေါ့။ ကျွန်တော်တို့ပါတီက တစ်ပြည်လုံးကိုလွှမ်းခြုံတဲ့ပါတီအဖြစ် လုပ်ထားတယ်။ ဒါပေမယ့် သိန်း ၁၀၀၀ ရှိရမယ်၊ ပါတီဝင်တစ်သိန်းရှိရမယ်ဆိုတဲ့ဟာ နည်းနည်းတော့ အခက်အခဲဖြစ်တာပေါ့။ ဒါကြောင့်မို့ ကျွန်တော်တို့က ပြည်နယ်အတွင်း ဒါမှမဟုတ် တိုင်းအတွင်းမှာပဲ လွှမ်းခြုံမယ့်ပါတီအဖြစ် ပြန်ပြောင်းပြီးတော့မှတ်ပုံတင်ဖို့ ရည်ရွယ်ထားပါတယ်”လို့ သူက ဆိုပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကိုတော့ ဇန်နဝါရီ ၂၆ ရက်နေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ရေးထိုး ပြဌာန်းလိုက်ပြီးနောက်ပိုင်း ဥပဒေပါ ကန့်သတ်ချက်တွေအပေါ် နိုင်ငံရေးပါတီတွေကြား ဝေဖန်မှုတွေ မြင့်တက်နေတာပါ။

ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှကလည်း လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာကြောင့် နိုင်ငံရေးပါတီတွေကို လူထုစိတ်ဝင်စားမှု လျော့ကျနေတဲ့အတွက် ပါတီတစ်ခုကနေ နှစ်ခု၊သုံးခု ခွဲထောင်ရမယ့် သဘောရှိရင်တောင် အတော်အခက်အခဲရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးပြဿနာမှာ နိုင်ငံရေးပါတီတွေကို ပြည်သူတွေ စိတ်ဝင်စားမှု လျော့ကျနေတဲ့ အခြေအနေရှိတယ်လို့ ကျွန်တော်တို့ သုံးသပ်တယ်။ အဲဒါကြောင့် အခုလိုအခြေအနေမျိုးမှာ နိုင်ငံရေးပါတီတွေကို စည်းကမ်းတင်းကျပ်တဲ့ အမိန့်ဥပဒေထုတ်ပြန်တဲ့အခြေအနေက နိုင်ငံရေးပါတီအများစုက အကျပ်အတည်းအခက်အခဲရောက်နေတာလို့ ရှုမြင်တယ်။ အဲဒါကြောင့် ပါတီတွေခွဲထောင်ဖို့ဆိုတာကလည်း နိုင်ငံရေးပါတီတွေအပေါ်မှာ ပြည်သူစိတ်ဝင်စားမှုလျော့ကျနေတဲ့အချိန် အဲဒီလို သုံးသပ်တဲ့အတွက် ပါတီတစ်ခုက ပါတီ နှစ်ခု၊ သုံးခု ခွဲထောင်ရမယ့် သဘောမျိုးရှိနေရင်တောင် ပါတီခွဲထောင်ဖို့ကလည်း တော်တော်အခက်အခဲရှိတယ်လို့ ကျွန်တော်မြင်တယ်”လို့ သူက ဆိုပါတယ်။

နိုင်ငံရေးပါတီ နည်းဥပဒေပါ ပြဌာန်းချက်အရ ပါတီတည်ထောင်လိုသူဟာ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရမယ့်အပြင် ထောင်ဒဏ်ကျခံနေရသူ မဟုတ်ပါဘူးဆိုတဲ့ ဝန်ခံချက်တွေကိုလည်း လျှောက်လွှာပုံစံနဲ့တကွ လျှောက်ထားရမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကော်မရှင်ရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ တည်ဆဲပါတီ ၉၁ ပါတီရှိနေပြီး တည်ဆဲနိုင်ငံရေး ပါတီတွေအနေနဲ့ ပါတီဆက်လက်တည်ထောင်လိုရင် ဥပဒေပြဌာန်းပြီး ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်ထံပါတီမှတ်ပုံတင်ခွင့် လျှောက်ထားရမှာဖြစ်ပြီး အဲဒီလို လျှောက်ထားတာမရှိရင် နိုင်ငံရေးပါတီအဖြစ်ကနေ အလိုလိုပျက်ပြယ်တယ်လို့ ပြဌာန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.