မော်လမြိုင်၊ ဖေဖော်ဝါရီ(၂)

နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ မတရားအာဏာသိမ်းယူခဲ့တဲ့ စစ်တပ်အာဏာသိမ်း၂ နှစ်ပြည့်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး အသံတိတ်သပိတ်လှုပ်ရှား မှုကို မွန်ပြည်နယ်အတွင်းက ဒေသခံပြည်သူအများစု ပါဝင်ခဲ့တာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်း ၂ နှစ်ပြည့်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တသံတည်းညီ၊ တချီတည်းရုန်း၊ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ကို မွန်ပြည်နယ်ရဲ့ မြို့နယ်အသီးသီးမှာ ပြုလုပ်ခဲ့တာပါ။

အသံတိတ်သပိတ်မှာ မွန်ပြည်နယ်အတွင်းရှိ ဈေးအားလုံးနီးပါး ဖွင့်ထားပေမယ့် လာရောက်ဝယ်ယူသူ မရှိသလောက် နည်းပါးခဲ့သလို လမ်းတွေမှာလည်း မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ လူသွားလူ လာမရှိသလောက် ဖြစ်ခဲ့တာပါ။

ဒေသခံတစ်ဦးကလည်း အသံတိတ်သပိတ်မှာ ပြည်သူအားလုံးနီးပါး ပါဝင်တဲ့အတွက် အရမ်းပီတိဖြစ်ရကြောင်းနဲ့ စစ်အာဏာရှင်ကို ရတဲ့လမ်းနည်းတွေနဲ့ ဆက်လက်တော်လှန်ပေးကြဖို့ တိုက်တွန်းတာပါ။

အသံတိတ်သပိတ်မှာ ပြည်သူတွေဟာ နေအိမ်တွေနဲ့ ဆိုင်တွေမှာသာနေထိုင်ခဲ့ပြီး လမ်းပေါ်မထွက်ဘဲ အာဏာသိမ်းစစ်တပ်အုပ်ချုပ်မှုကို လက်မခံကြောင်းနဲ့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းပြသခဲ့တာ ဖြစ်ပါတယ်။

အသံတိတ်သပိတ်ဆင်နွှဲနေတဲ့အချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့နယ်တွေအတွင်း ကင်းလှည့်တာနဲ့ စောင့်ကြည့်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

တသံတည်းညီ၊ တချီတည်းရုန်း၊ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ကို နေပြည်တော်အပါအဝင် နိုင်ငံတဝန်းက မြို့နယ်အသီးသီးမှာ ဆင်နွှဲခဲ့တာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.