မော်လမြိုင် – ဖေဖော်ဝါရီ (၁)
စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ မွန်ပြည်နယ် ဥက္ကဋ္ဌ ဖြစ်သူ ဦးအောင်ကြည်သိန်းကို မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်လိုက်တယ်လို့ စစ်ကောင်စီက ဒီနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၉ အရ ဦးအောင်ကြည်သိန်းကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်းနဲ့ အရင် စစ်ကောင်စီခန့် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းကို တာဝန်ကနေ အနားယူခွင့်ပြုလိုက်တယ်လို့ ဆိုထားပါတယ်။
ဦးအောင်ကြည်သိန်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဖွဲ့စည်းတာဝန်ပေးအပ်ထားတဲ့ မွန်ပြည်နယ် စစ်ကောင်စီမှာ သယံဇာတရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းခဲ့ပြီးနောက် စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့ထဲမှာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့လိုက်ရတာပါ။
ဦးအောင်ကြည်သိန်း ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရတဲ့ ဒီနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ ညပိုင်းမှာပဲ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ပေါင်မြို့နယ် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးကိုကိုလေး သေနတ်နဲ့ ၉ ချက် ပစ်ခတ်ခံခဲ့ရပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေနဲ့ တိုက်ဆိုင်နေတာပါ။
မွန်ပြည်နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂) မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် NLD ပါတီကိုယ်စားလှယ် ဦးသက်ထွန်းကို မဲအပြတ်အသတ်နဲ့ ရှုံးနိမ့်ထားပါတယ်
သတင်း- သံလွင်တိုင်းမ်

