မော်လမြိုင် – ဖေဖော်ဝါရီ (၁)

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ နိုင်ငံတော် အရေးအပေါ်အခြေအနေကာလကို စစ်ကောင်စီ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်အဝေးကနေ နောက်ထပ် ၆ လ သက်တမ်းထပ်တိုးလိုက်တယ်လို့ စစ်ကောင်စီဘက်က ဒီနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ ညဦးပိုင်မှာ ထုတ်ပြန်လာတာပါ။

မနေ့ ဇန်နဝါရီ ၃၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကာလုံလို့ ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲ ကျင်းပဖို့ အဆင့်သင့် မဖြစ်သေးကြောင်းနဲ့ နိုင်ငံ့ဟာ သာမာန် အခြေအနေ မဟုတ်ကြောင်း တင်ပြလာလို့ သက်တမ်းထပ်တိုးပေးခဲ့တာလို့ ဆိုပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တင်ပြချက်ကို ကာလုံအစည်းအဝေး တက်ရောက်သူ အားလုံး သဘောတူညီခဲ့တဲ့အတွက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ နောက်ထပ် ၆ လ စစ်ကောင်စီကို သက်တမ်းထပ်တိုးပေးခဲ့တာပါ။

ဒီအစည်းအဝေးမှာ စစ်ခေါင်းဆောင်က ရွေးကောက်ပွဲ ကျင်းပဖို့အတွက် CRPH၊ NUG နဲ့ PDF တို့ကို အကြမ်းဖက် လုပ်ရပ်တွေကြောင့် နိုင်ငံတဝန်းက မြို့နယ် ၁၃၂ မြို့နယ်မှာ လုံခြုံရေးအရ ထိရောက်စွာ ဆောင်ရွက်ရမယ့် အခြေအနေ ရှိတယ်လို့ တင်ပြခဲ့တာပါ။

အစည်းအဝေးအပြီးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၄၁၉ အရ နိုင်ငံတော်ရဲ့ အာဏာအရပ်ရပ်ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထပ်မံအပ်နှံခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဏာဆက်ပေးဖို့ စစ်ကောင်စီရဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေခုရုံးကလည်း သဘောတူခဲ့တယ်လို့ ဆိုထားပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ စစ်ခေါင်းဆောင်ဟာ သူတို့ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေ မပြီးသေးရင် အမျိုသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ထပ်မံ တင်ပြလာပါက နောက်ထပ် ၁ ကြိမ် ၆ လ သက်တမ်းထပ်တိုးခွင့် ရှိနေတာ ဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ စစ်အုပ်စုဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုင်ဆွဲပြီးနောက် ထပ်နောက် အာဏာဆက်ယူသွားမယ့် အခြေအနေမှာ ရှိတယ်လို့ သုံးသပ်နေကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.