မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂)
မွန်ပြည်နယ်အပါအဝင် နိုင်ငံတဝန်းမှာ အခုရက်ပိုင်းအတွင်း ဆန်ဈေးနှုန်း ဆက်လက်မြင့်တက်လာတာကြောင့် ဝယ်ယူစားသောက်နိုင်ရေးအတွက်ပင် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတယ်လို့ အိမ်ရှင်မတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဆန်ဈေးနှုန်းဟာ အခုရက်ပိုင်းအတွင်း ပေါ်ဆန်မွှေးတစ်အိတ်ကို ကျပ် ၅၅၀၀၀ ကနေ ကျပ် ၆၂၀၀၀ လောက် အထိ ဈေးနှုန်းမြင့်တက်လာသလို ဆန်ကြမ်းအုပ်စုဝင် ဧည့်မထကလည်း တစ်အိတ်ကို ကျပ် ၄၅၀၀၀ ကနေ ကျပ် ၅၀၀၀၀ ကျော်ထိ ဈေးနှုန်းမြင့်တက်လာခဲ့တာပါ။
ဒါပေမယ့် ဒီဆန်ဈေးနှုန်းဟာ လက်လီဈေးကွက်မှာတော့ ဆန်အမျိုးအစားအပေါ်မူတည်ပြီး တစ်အိတ်ကို ကျပ် ၇၀၀၀ ကနေ ကျပ် ၁၅၀၀၀ လောက်ထိ ဈေးနှုန်းထပ်မံမြင့်တက်နေတာ ဖြစ်ပါတယ်။
ဆန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာတာကြောင့် အရင်လို အိတ်လိုက်မဝယ်စားနိုင်တော့ဘဲ ချွေတာပြီး ဝယ်ယူနေရတယ်လို့ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။
“လူထုတွေကလည်း အဆင်မပြေတော့ဘူး။ အခါတိုင်း ဆန်တစ်အိတ်ဝယ်စားတဲ့သူကလည်း အခုဆိုလို့ ရှိရင် အိတ်လိုက် တစ်အိတ်တောင် မဝယ်စားနိုင်တော့ဘူး။ ဆန်ကလည်း အဓိကအစားစာဖြစ်နေတော့ ဆန်က မရှိမဖြစ်အစားစာဖြစ်နေတယ်လေ လူထုမှာ။ ဆန်ရှိရင် အားလုံးစားသောက်လို့ ရတယ်ဆိုတော့ အခုဆန်ဈေး တွေကလည်း ဆန်ကြမ်းရော၊ ဆန်ချောရော အကုန်လုံးကဈေးတက်တော့ လူထုဘဝတွေကလည်း ဘယ်လိုမှ နာလံမထူနိုင်တော့ဘူး၊ ဘယ်လိုမှ အဆင်မပြေနိုင်တော့ လူထုဘဝတွေတော့ နစ်သထက်နစ် ဆင်းရဲသထက် ဆင်းရဲကုန်ပြီး”လို့ ဆိုပါတယ်။
လက်ရှိမှာ ဆန်ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်နေတာကြောင့် စားသောက်ဖို့အတွက်ပင် အခက်အခဲ ရှိလာ သလို မဖြစ်မနေစားသောက်ရတဲ့ စားသောက်ကုန်ဖြစ်တဲ့အတွက် ထမင်းလျော့စားရမယ့်အခြေအ နေထိ ရောက်ရှိလာတယ်လို့ အိမ်ရှင်မတွေက ဆိုကြပါတယ်။
အိမ်ရှင်မတစ်ဦးကလည်း ဆန်ဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် အရင်က ဆန်ချောတစ်မျိုးတည်းကိုသာ စားခဲ့ရာမှ အခုအခါ ဆန်ချောနဲ့ဆန်ကြမ်းကို ရောစားနေရတယ်လို့ ဆိုပါတယ်။
“ဒီလို ဆန်ဈေး တက်သွားတာကြောင့် နည်းနည်းတော့ အခက်အခဲ ဖြစ်တာပေါ့။ အရင်က ဒီဆန်ချော တစ်မျိုး တည်း စားရာကနေ အခုတော့ ဆန်ဈေးတွေတအားတက်တော့ ဆန်အချောနဲ့ အကြမ်းနဲ့ပေါ့။ အခုဆိုလို့ ရှိရင် ရောစားနေရတယ်ပေါ့လေ။ ရေရှည်တောက်လျှောက် ဒီဈေးတွေတက်လို့ရှိရင်တော့ ဘယ်လိုမှ အဆင်မပြေ ဘူး။ အခုက ဆန်ဈေးမှမဟုတ်ပါဘူး။ ဒီတခြား ကုန်ဈေးနှုန်းတွေလည်း တက်နေတာပေါ့လေ။ ဘာပဲပြောပြော အဆင်မပြေတာတော့ အခက်အခဲတွေတော့ အများကြီးရှိတာပေါ့”လို့ ဆိုပါတယ်။
ဆန်ဈေးနှုန်းတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စိုက်ပျိုးရေးသွင်းအားစုစရိတ်တွေ အဆမတန် မြင့် တက်လာတာ၊ လျှပ်စစ်မီးမမှန်တာ၊ သယ်ယူပို့ဆောင်ရေး စရိတ်ကြီးမြင့်နေတာအပြင် အထွေထွေကုန် ကျစရိတ် အဆမတန်မြင့်တက်နေတာကြောင့် ဈေးနှုန်းမြင့်တက်နေရတာ ဖြစ်တယ်လို့ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။
ဆန်ဈေးနှုန်းဟာ မိုးစပါးလက်ကျန် နည်းပါးလာပြီးနောက် စပါးဈေးနှုန်း ဆက်လက်မြင့်တက်တဲ့အ တွက် လာမယ့်လပိုင်းတွေအတွင်း ဈေးနှုန်းထပ်မံမြင့်တက်လာနိုင်တယ်လို့ ဆန်ကုန်သည်တွေက သုံးသပ်ထားပါတယ်။
ဒါပေမယ့် အိမ်ရှင်မတွေကတော့ စစ်တပ်အာဏာသိမ်းတဲ့ ကာလအတွင်း ဆန်ဈေးနှုန်းအပြင် အခြေခံစားသောက်ကုန်တွေ ဈေးနှုန်းအဆမတန်မြင့်တက်နေတာကြောင့် မိသားစုထမင်းဝိုင်းနပ်မှန်ရေးအ တွက် မနည်းချွေတာသုံးစွဲနေရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်

