မော်လမြိုင် – ဇန်နဝါရီ(၁)

မြန်မာ့နွေဦးတော်လှန်ရေးဟာ တိုင်းရင်းသား ပြည်သူအားလုံးနဲ့ တော်လှန်ရေးအင်အားစု တွေ ညီညီညွတ်ညွတ်ဆင်နွှဲနေတဲ့ တိုက်ပွဲဖြစ်တဲ့ အတွက် အောင်မြင်ဖို့ လုံးဝ ယုံကြည်တယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒီနေ့ ဇန်နဝါရီလ(၁) ရက်နေ့ မနက်ပိုင်းက ပြည်သူလူထုကို ပြောကြားတဲ့ နိုင်ငံတော်အခြပြ မိန့်ခွန်း ၂၀၂၃ မှာ အခုလို ပြောဆိုခဲ့တာပါ။

“တော်လှန်ရေး အောင်မြင်ဖို့ သော့ချက်က တော်လှန်ရေး အင်အားစုနဲ့ ပြည်သူလူထု အားလုံးရဲ့ စည်းလုံးညီညွတ်မှု အပေါ်မှာ ရာနှုန်းပြည့် တည်မှီနေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ဒီတော်လှန်ရေးဟာ တိုင်းရင်းသား ပြည်သူအားလုံးနဲ့ တော်လှန်ရေး အင်အားစုတွေ အားလုံး ညီညီညွတ်ညွတ် ဆင်နွှဲနေတဲ့ တိုက်ပွဲဖြစ်လို့ အောင်ကိုအောင်ရမယ်လို့ ကျွန်တော့်အနေနဲ့ လုံးဝ ယုံကြည်ပါတယ်” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောခဲ့ပါတယ်။

ဒါ့အပြင် စစ်အုပ်စုက မဟုတ်မမှန်သတင်းတွေ ဖြန့်ဝေပြီး သူတို့ကို ဆန့်ကျင်တော်လှန်နေတဲ့ အဖွဲ့အစည်းတွေကို သွေးခွဲတာတွေလုပ်နေတဲ့အတွက် သတိထားဖို့ လိုအပ်တယ်လို့ ပြောပါ သေးတယ်။

၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေးအတွက် အရေးကြီးတဲ့ နှစ်ဖြစ်လို့ တော်လှန်ရေး ဦးဆောင်နေကြ တဲ့ အဖွဲ့တွေအနေနဲ့ မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားပါ တယ်။

အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့တဲ့ တနှစ်လုံး နိုင်ငံတကာ မျက်နှာစာမှာ ရှုံးနိမ့်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးအင်အားစုတွေက နိုင်ငံတကာရဲ့ အားပေး ထောက်ခံမှုကို ရရှိထားတာဖြစ်ပါတယ်။

အဘက်ဘက်က အကျပ်အတည်းဖြစ်နေတဲ့ စစ်ကောင်စီက သူတို့ရဲ့ နိုင်ငံရေးထွက်ပေါက် အဖြစ် အသုံးချမယ့်ရွေးကောက်ပွဲကို ဆန့်ကျင်တော်လှန်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ် 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.