မော်လမြိုင် – အောက်တိုဘာ(၁၀)

မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ထားတဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဟာ စစ်ကောင်စီတပ်နဲ့ လက်တွဲပြီး ဌာနေ ပြည်သူ့စစ်အဖြစ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အောက်တိုဘာလ (၁၀) ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ကတော့ မွန်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနဲ့ အကြမ်းဖက်မှုအန္တရာယ်တွေကို ကာကွယ်ဖို့အတွက် ပြည်သူ့စစ်အဖြစ် ပြောင်းလဲ ဆောင်ရွက်ရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်လုပ်ရပ်မှန်သမျှကို ပြတ်သားစွာကန့်ကွက် ရှုတ်ချပြီး ပြည်သူတွေရဲ့ နေ့စဉ် လူမှုဘဝအေးချမ်း တည်ငြိမ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီတပ်နဲ့ လက်တွဲပြီး ပြည်သူ့စစ်အဖြစ် ဆောင်ရွက်တာဟာ ပြည်နယ်အတွင်းမှာ ဒေသခံတွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ ဝန်ထမ်းတွေ အသတ်ခံနေရတဲ့အတွက် လက်နက်ပြန်ကိုင်ရတာလို့ မွန်ငြိမ်းချမ်း ကာကွယ်ရေးတပ်ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး နိုင်ချမ်းလဝီက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြည်သူ့စစ်အဖြစ် ပြောင်းလဲဆောင်ရွက်သွားတဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီချုပ် ဗိုလ်ချုပ်နိုင်ရှောင်ရဲ့ တာဝန်တွေကို ဗိုလ်မှူးချုပ် နိုင်အောင်ထွန်းထံ လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်း စစ်အုပ်စုကို လက်နက်ကိုင်တော်လှန်နေတဲ့ မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့ (တောင်ပိုင်း)တာဝန်ရှိသူတစ်ဦးကတော့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်အဖြစ် ရပ်တည်မယ့် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဟာ စစ်ကောင်စီ ဒေါက်တိုင်ဖြစ်တဲ့အတွက် ရန်သူအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ပြောပါတယ်။

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဟာ မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ပြီး ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် အောက်တိုဘာလ (၁၀) ရက်နေ့မှာ တပ်အင်အား (၂၆၈) ဦး၊ လက်နက်ကြီး လက်နက်ငယ် (၇၂) လက်နဲ့အတူ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထံ လက်နက်ချ အလင်းဝင်ခဲ့တာပါ။

လက်နက်ချအလင်းဝင်ပြီး (၁၂) နှစ်ပြည့်ဖြစ်တဲ့ အောက်တိုဘာလ (၁၀) ရက်နေ့မှာတော့ စစ်ကောင်စီ ပြည်သူ့စစ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းကြောင်း မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့က ကြေညာလိုက်တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.