ချန်ပီယံလိဂ်မှာ ဘိုင်ယန်နဲ့လီဗာပူးလ် အနိုင်ရပြီး ဘာစီလိုနာ ရှုံးပွဲကြုံ

0
9286

မော်လမြိုင်၊ အောက်တိုဘာ (၅)

ဒီကနေ့ မနက်ပိုင်းနဲ့ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စု ပွဲစဉ်(၃) အပြီးမှာတော့ နာမည်ကြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ လီဗာပူးလ်အသင်းတွေဟာ ပြိုင်ဘက်အသင်းတွေကို အနိုင်ရခဲ့တာ ဖြစ်ပြီး ဘာစီလိုနာအသင်းကတော့ ရှုံးပွဲကြုံခဲ့ရတာပါ။

ပရီးမီးယားလိဂ်ကလပ်အသင်း လီဗာပူးလ်အသင်းဟာ စကော့တလန်ကလပ်အသင်း ရိန်းဂျားစ်အသင်းကို အိမ်ကွင်းမှာ ၂ ဂိုး ဂိုး မရှိ ရလဒ်နဲ့ အနိုင်ရခဲ့တာပါ။

လီဗာပူးလ်အသင်းအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၇ မိနစ်မှာ အာနိုး၊ ပွဲချိန် ၅၃ မိနစ်မှာ တိုက်စစ်ကစားသမား ဆာလာက ပင်နယ်တီမှ တဆင့် သွင်းယူပေးခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကတော့ ချက်ကလပ်အသင်း ပယ်လ်ဇန်ကို ၅ ဂိုး ဂိုး မရှိ ရလဒ်နဲ့ ဂိုးပြတ်အနိုင်ရခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ချန်ပီယံလိဂ်သမိုင်းတလျှောက် အုပ်စုပွဲစဉ် ၃၁ ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန်တင် နိုင်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းကတော့ အင်တာမီလန်အသင်းကို တစ်ဂိုး ဂိုး မရှိ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

အင်တာမီလန်အသင်းရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၄၅ မိနစ်မှာ ချာဟာနိုဂလူးက သွင်းယူပေးခဲ့တာပါ။

အခြားပွဲစဉ်တွေမှာတော့ နာပိုလီအသင်းဟာ အေဂျက်စ်အသင်းကို ၆ ဂိုး ၁ ဂိုး၊ ပေါ်တိုအသင်းက လေဗာကူဆင်အသင်းကို ၂ ဂိုး ဂိုး မရှိ၊ ကလပ်ဘရုဂေးအသင်းက အက်သလက်တီကိုမက်ဒရစ်အသင်းကို ၂ ဂိုး ဂိုး မရှိ၊ မာဆေးလ်အသင်းက စပို့တင်းလစ္စဘွန်းအသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အသီးသီး အနိုင်ရရှိခဲ့ပြီး စပါးအသင်းနဲ့ ဖရန့်ဖတ်အသင်း ပွဲစဉ်မှာတာ့ ဂိုး မရှိ သရေကျခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.