ဖနွမ်းပင် – မေ(၅)
မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဆီယံဘုံသဘောတူညီချက်တွေအရ အထူးကိုယ်စား လှယ်ကို မြန်မာလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ပေးဖို့ ကမ္ဘောဒီယားဝန်ကြီး ချုပ်ဟွန်ဆန်က တောင်းဆိုခဲ့ပါတယ်။
အရေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)အလှည့်ကျ ဥက္ကဌ ဟွန်ဆန်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ပြောခဲ့တဲ့ ဗီဒီယိုခေါ်ဆိုမှုမှာ အထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးနဲ့တွေ့ဆုံခွင့်ရဖို့အရေးကြီးတယ်လို့ ပြောဆိုခဲ့ ပါတယ်။
လွန်ခဲ့တဲ့ (၁၅) လက ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို စစ်တပ်က လက်နက်အားကိုးနဲ့ မတရားအာဏာသိမ်းလိုက်တဲ့အတွက် မြန်မာနိုင်ငံ ဟာ ပရမ်းပတာအခြေအနေတွေနဲ့ရင်ဆိုင်နေရတဲ့အခြေအနေမှာရှိနေပါတယ်။
အာဆီယံရဲ့မြန်မာ့အရေးသဘောတူညီချက်(၅) ရပ်ဟာ တရားဝင်သံခင်းတမန်ခင်း ရှေ့ပြေးဆောင် ရွက်မှုအဖြစ်ရှိနေပေမယ်ံ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က လိုက်နာဆောင်ရွက်တာမရှိသေးတဲ့ အတွက် ဒေသတွင်းခေါင်းဆောင်တွေအနေနဲ့ စိတ်ပျက်နေရတယ်လို့ သိရပါတယ်။
“မင်းအောင်လှိုင်အနေနဲ့ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံက သက်ဆိုင်တဲ့ အစုအဖွဲ့အားလုံး နဲ့တွေ့ ဆုံခွင့်ပေးဖို့ဦးတည်ရမှာပါ။ ဒါမှလည်းအားလုံးအကျုံးဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုတစ်ရပ်ကို စတင်ဖို့ အခြေအနေတစ်ရပ်ကိုဖန်တီးနိုင်မှာပါ” လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အစုအဖွဲ့အားလုံးနဲ့တွေ့ဆုံခွင့်ပေးမယ်ဆိုတဲ့ ကတိပြုထား သလို လူသားချင်းစာနာထောက်ထားမှုအကူအညီဖြန့်ဝေရေးအတွက်လည်း ပံ့ပိုးကူညီဆောင်ရွက်ပေးမယ် လို့ ပြောဆိုထားပေမယ့် လက်တွေ့လုပ်ဆောင်တာတွေမရှိသေးဘူးလို့ သိရပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်ပြောရေးဆိုခွင့်ရှိသူကို မေးမြန်းဖို့ ကြိုးစားပေမယ့် မှတ်ချက်ပေးဖို့ငြင်းဆန်ခဲ့ပါတယ်။
အာဆီယံဟာ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေရပ်တန့်ပြီး ဆွေးနွေးမှုတွေနဲ့လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးဖို့ ခွင့်ပြုနိုင်မယ့်အချိန်ထိ အမေရိကန်ပြည်ထောင်စုမှာ ကျင်းပဖို့ရှိတဲ့ ထိပ်သီးအစည်းအဝေးအပါအဝင် အဓိကအစည်းအဝေးတွေအားလုံးကို အာဏာသိမ်းစစ်ကောင်စီ ကို တက်ရောက်ခွင့်ပိတ်ပင်ထားပါတယ်။
Ref:Bangkokpost

