မော်လမြိုင် ၊ ဒီဇင်ဘာ (၁၂)
ဖာပွန်ခရိုင်က တိုက်ပွဲတွေမှာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အမျိုးသမီးတွေကို ဥပဒေမဲ့ဖမ်းဆီးတာ၊ ညဉ်းပန်းနှိပ်စက်တာ၊ အထမ်းသမား ပေါ်တာအဖြစ်ခိုင်းစေတာနဲ့ လူသားဒိုင်းကာအဖြစ် အသုံးပြုတာတွေ ပိုမို လုပ်ဆောင်လာတယ်လို့ ကရင်အမျိုးသမီးအစည်းအရုံး (KWO)က ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ စစ်ရေးလှုပ်ရှားမှု ပြုလုပ်ရာမှာ ဒေသခံ အမျိုးသမီးတွေကို အဓမ္မခိုင်းစေတာနဲ့ အဓမ္မလုပ်အားပေး စေခိုင်းရာမှာလည်း အမျိုးသမီးတွေကို စစ်ကောင်စီတပ်သားတွေက ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုတွေ ပိုမို ကျူးလွန်လာခဲ့တာ ဖြစ်ပါတယ်။
ကရင်အမျိုးသမီးအစည်းအရုံး (KWO)က ပြောခွင့်ရသူတစ်ဦးဖြစ်တဲ့ နော်စေးစေးဟဲကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အခုနောက်ပိုင်းမှာ အမျိုးသမီးတွေအပေါ် လူသားဒိုင်းအဖြစ် အသုံးပြုလုပ်ဆောင်တာတွေ ပိုမိုများပြားလာခဲ့တယ်လို့ ပြောပါတယ်။
“အခုက ရွာထဲကို ဝင်တဲ့အခါ အမျိုးသားတွေကို မတွေ့တော့ အမျိုးသမီးတွေကို ခေါ်သွားတယ်။ ဓားစာခံအဖြစ် ရှေ့ကနေ လမ်းပြခိုင်းတာတို့ ၊ သူတို့ရဲ့ လေးလံတဲ ပစ္စည်းတွေကို သယ်ခိုင်းတာတို့ လုပ်ခိုင်းတယ်။ မလုပ်ပေးရင် ထုတာ ရိုက်နှက်တာတွေ လုပ်တယ်” လို့ ကရင်အမျိုးသမီးအစည်းအရုံး (KWO) ပြောရေးဆိုခွင့်ရှိသူ နော်စေးစေးဟဲက ပြောပါတယ်။
ဒါ့အပြင် ဖာပွန်ခရိုင်ထဲက တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေ အထိနာတိုင်း လက်နက်ကြီးနဲ့ ဒေသခံအရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။
ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်တို့အကြား စစ်ရေးပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ဘေးဒဏ်ကြောင့် စစ်ရှောင်ဦးရေ ၈၂၀၀၀ ကျော် တိမ်းရှောင်ထွက်ပြေးနေရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်

