မော်လမြိုင် ၊ ဒီဇင်ဘာ (၁၂)
မွန်ပြည်နယ်အတွင်းက အသေးစား၊အလတ်စား SME လုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် အရှုံးနဲ့ ဆက်လက် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
SMEလုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ဘဏ်ဝန်ဆောင်မှု ကန့်သတ်ခံရတာ၊ မြန်မာငွေကြေးတန်ဖိုး ကျဆင်းပြီး သွင်းအားစု ကုန်ပစ္စည်းတွေ မြင့်တက်လာတာ၊ သယ်ယူပို့ဆောင်ရေး စရိတ်တွေ ကြီးမြင့်နေတာကြောင့် အရှုံးနဲ့ ဆက်လက် ရင်ဆိုင်ကြတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ SME လုပ်ငန်းတွေဟာ အရှုံးပေါ်နေတဲ့ကြားက လုပ်ငန်းတွေ လည်ပတ်နေရပေမယ့် ရေရှည်ဆိုရင်တော့ လုပ်ငန်းတွေ လည်ပတ်ဖို့ မဖြစ်နိုင်ဘူးလို့ SMEလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။
“အကုန်လုံးက ရှုံးတာဗျ ရှုံးတယ်၊ ရှုံးတယ်ဆိုတာက လုပ်ငန်း အားလုံးကိုတော့ မဆိုလို ဘူးပေါ့နော်၊ အများစုကတော့ ဝန်ထမ်းစရိတ် ရဖို့ နောက်တစ်ခုက အချိန်တိုင်း လုပ်လာတယ် တောက်လျှောက် လုပ်လာတဲ့ လုပ်ငန်းလေကို သံယောဇဉ် ရှိပြီးတော့ ထိန်းပြီးတော့ ကောင်းလာခဲ့ရင် ဆိုပြီးတော့ မှေးပြီးတော့ လုပ်ရတဲ့ ပုံစံမျိုးလေး တွေပေါ့နော်၊ စိုက်စရာရှိရင် နည်းနည်းပါးပါးဆို စိုက်လိုက်မယ်၊ အဲ့လိုမျိုးတွေ သွားနေရတယ် အခုကလေ၊ ကျွန်တော်တို့က ရေရှည်မှာတော့ မလွယ်ဘူး ဒီပုံစံအတိုင်း ဆိုရင်လေ”လို့ ဆိုပါတယ်။
SMEလုပ်ငန်းတွေဟာ ကိုဗစ်ကပ်ရောဂါနဲ့ စစ်တပ် အာဏာသိမ်းပြီးနောက် လုပ်ငန်းလည်ပတ်ဖို့ အခက်အခဲတွေ ဖြစ်နေကြတာ ဖြစ်ပြီး၊ ဒီအခြေအနေအတိုင်းသာ ဆက်လက်ရင်ဆိုင်နေရမယ်ဆိုရင် မကြာမီကာလအတွင်း လုပ်ငန်းအများစု ရပ်နားသွားရဖို့ ရှိနေတာ ဖြစ်ပါတယ်။
SME လုပ်ငန်းတွေ ပုံမှန်အတိုင်း ပြန်လည်ပတ်နိုင်ဖို့ဆိုရင် ချေးငွေ ထုတ်ပေးဖို့ လိုအပ်သလို ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်ကိုလည်း မဖြစ်မနေ ပြုပြင်ဖို့ လိုအပ်နေတာပါ။
မွန်ပြည်နယ်မှာတော့ SME လုပ်ငန်းပေါင်း ၂၀၀၀၀ ကျော် ရှိနေတာ ဖြစ်ပြီး၊ အဲဒီလုပ်ငန်းတွေအပေါ် မှီခိုလုပ်ကိုင်နေရတဲ့သူ သိန်းနဲ့ချီရှိနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်

