မော်လမြိုင် ၊ နိုဝင်ဘာ (၁၁)
ထိုင်းနိုင်ငံထဲကို တရားမဝင် လမ်းကြောင်းက ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရတယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာတဲ့အတွက်ကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံကို တရားမဝင် လမ်းကြောင်းတွေကနေ နေ့စဉ်ဝင်ရောက်နေကြတာ ဖြစ်ပါတယ်။
တရားမဝင် လမ်းကြောင်းက ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အခက်အခဲမျိုးစုံရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတွေဟာ တောတောင်ထဲမှာ ၂ ပတ်လောက် ခိုအောင်းပြီးမှ လာရတဲ့အတွက်ကြောင့် ပွဲစားတွေနဲ့ အမျိုးသားတချို့ရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ရင်ဆိုင်နေရတယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။
“ ညနက်သန်းခေါင်လာရတယ် ။ သွေးမတော် သားမစပ်သူတွေနဲ့ လာရတယ်။ အချို့တွေလည်း ကြားနေရတယ် ၊ ပွဲစားတွေရဲ့ ခြေတော်တင်ခံရတာတွေ ရှိတယ်။ ဒီလုံခြုံမှုမရှိတဲ့ နေရာတွေမှာ နေရတဲ့အခါ အမျိုးသမီးတွေအတွက် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေက ရှိနေတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် တရားမဝင် ဝင်ရောက်လာသူတွေကို အလုပ်ရှင်တွေက အထောက်အထား မရှိတဲ့အတွက်ကြောင့် လစာအပြည့်မပေးဘဲ ခေါင်းပုံဖြတ်တာတွေကိုလည်း ရင်ဆိုင်နေရပါတယ်။
တရားမဝင် ဝင်ရောက်လာသူတွေဟာ ကျန်းမာရေး စောက်ရှောက်မှု မရတဲ့ ပြဿနာတွေကိုလည်း ရင်ဆိုင်နေရတယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူ တစ်ဦးက ဆိုပါတယ်။
“ တရားမဝင် လာသူတွေထဲမှာ အရွယ်ရောက်ပြီးသား အမျိုးသမီးတွေလည်း ပါတယ်။ သူတို့ ဖမ်းခံရတဲ့အခါ ကျန်းမာရေးကိစ္စတွေ ၊ သူတို့ရဲ့ လစဥ်ကိစ္စတွေအတွက်က အခက်အခဲတွေ ရှိလာတယ်။ကျန်းမာရေး စောက်ရှောက်မှုတွေက မရတော့ အခက်အခဲက ပိုကြီးပါတယ်” လို့ ဆိုပါတယ်။
အခုရက်ပိုင်းတွေအတွင်း ထိုင်းနိုင်ငံထဲကို နယ်စပ်တောလမ်းကနေတစ်ဆင့် ရွှေ့ပြောင်း အလုပ်သမားတွေ တရားမဝင်ဝင်ရောက်လာမှုက ပိုမိုများပြားလာနေတာကြောင့် ထိုင်းလုံခြုံရေးအဖွဲ့က နယ်စပ်တစ်လျှောက်မှာ လုံခြုံရေးအင်အားကို တိုးမြင့်စောင့်ကြပ်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်

