တနင်္သာရီတိုင်းက စစ်ဘေးရှောင်များ

မော်လမြိုင် ၊ နိုဝင်ဘာ (၁၁)

တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ၅၀၀၀ ကျော်ထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့်  စစ်ရှောင်ပြည်သူတွေဟာ နေရပ်ပြန်လို့ မရတဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေကို စစ်ကောင်စီက ဖြတ်လေးဖြတ် လုပ်ဆောင်ထားတဲ့ အတွက်ကြောင့် စစ်ဘေးရှောင် ပြည်သူတွေမှာ အစားအစာနဲ့ အခြေခံ ဆေးဝါးကအစ လိုအပ်ချက်တွေ ရှိနေတယ်လို့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့  ပြန်ကြာရေး တာဝန်ခံ တစ်ဦးက အခုလို ပြောပါတယ်။

“တိုက်ပွဲတွေဖြစ်တော့ စကစ ဘက်က ဖြတ်လေးဖြတ် ဖြတ်ထားတွေရှိတယ်။ လမ်းကြောင့်ပိတ်ဆို့စစ်ဆေးတာတွေရှိတော့ စာရေးရိက္ခာတွေကအစ အကုန် သယ်ယူဖို့ခက်တယ်။ သဲချောင်းကြီးဘက်မှာဆို တံတားတွေမှာ သွပ်ဆူးကြိုး၊ ဝါးလုံးတွေနဲ့ပိတ်ထားတာရှိတယ်။ လမ်းတွေကို ပိတ်ထားတဲ့အတွက် စစ်ဘေးမရှောင်ဘဲ ရွာတွေမှာ ကျန်နေတဲ့သူတွေလဲ စားရေးရိက္ခာဝယ်ရခက်တာတွေဖြစ်နေတယ်။ လတ်တလော စကစဘက်က အင်အားတိုးလာလို့ စစ်ရေးတင်းမာမှုရှိနေတဲ့အတွက် စစ်ရှောင်တွေအတွက်က နေရပ်ပြန်နိုင်ဖို့ဆို ပိုခက်ခဲနေမယ်။ အချို့ရွာတွေဆို ရွာလုံးကျွတ် လူမရှိတော့ဘူး။ ရွာပျက်တွေလိုဖြစ်နေပြီး။ အဲဒါတွေအပြင် စေတနာရှင်တွေက  စစ်ရှောင်တွေအတွက် ကူညီဖို့ လာချင်ပေမယ့် လာလို့မရတဲ့ အခြေနေတွေလဲဖြစ်နေတယ်”လို့ ဆိုပါတယ်။

အခုအခါ စစ်ရှောင်ပြည်သူတွေမှာ ရာသီတုပ်ကွေးတွေ ဖြစ်ပေါ်နေတဲ့အတွက်ကြောင့် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေလည်း လိုအပ်နေပါတယ်။

တဖက်မှာတော့ စစ်ကောင်စီတပ်တွေဟာ အင်အားတိုးချဲ့တာတွေကို ဆက်တိုက် လုပ်ဆောင်လာလို့ တိုက်ပွဲတွေ ပြင်းထန်လာမှာကို စစ်ရှောင်တွေ စိုးရိမ်နေကြပါတယ်။

စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF တပ်တွေရဲ့ တိုက်ပွဲတွေကြောင့် တနင်္သာရီတိုင်းက သရက်ချောင်း၊ ပုလောနဲ့ ရေဖြူမြို့နယ်တွေထဲ   ဒေသခံ ၅၀၀၀ ကျော် စစ်ဘေးရှောင်နေရတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.