မော်လမြိုင်၊ ဇူလိုင် ၁
သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးခံရတဲ့ The Voice of Thanbyuzayat သတင်းဌာနရဲ့ သတင်းထောက် ကိုထက်မြတ်သူဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ လွှတ်ပေးတဲ့ စာရင်းထဲမှာ ပါဝင်လာခြင်း မရှိသေးပါဘူး။
သတင်းထောက် ကိုထက်မြတ်သူဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ ဖမ်းဆီးချုပ်နှောင်ခံထားရပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က) နဲ့ တရားရင်ဆိုင်နေရတာပါ။
“အန်တီက သားပြန်လွှတ်လာမယ်ထင်ပြီး စောင့်နေတာ၊ ထမင်းတောင် မစားနိုင်ဘူး၊ အခုထိတော့ လွှတ်တဲ့ထဲမှာ မပါသေးဘူး”လို့ မိခင်ဖြစ်သူက ပြောပါတယ်။
သတင်းထောက် ကိုထက်မြတ်သူဟာ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က ကျိုက်ထိုမြို့ရဲ့ စစ်အာဏာရှင် ဆန္ဒပြပွဲ မှာ သတင်းဓါတ်ပုံရိုက်ကူး သတင်းယူနေစဉ် သေနတ်နဲ့ ပစ်ခတ်ခံဖမ်းဆီးခံရပြီး ခြေထောက်ထုတ်ချင်းပေါက် ဒဏ်ရာရရှိခဲ့တာပါ။
ခြေထောက်ထုတ်ချင်းပေါက် ဒဏ်ရာရရှိပြီး မော်လမြိုင်က တပ်မတော်ဆေးရုံမှာ တက်ရောက်ကုသပြီးနောက် သထုံမြို့မရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ခံထားရတာပါ။
သတင်းထောက် ကိုထက်မြတ်သူဟာ စစ်တပ်က အာဏာသိမ်းယူပြီးနောက် မွန်ပြည်နယ်မှာ ပထမဦးဆုံး အမှုဖွင့်ခံရတဲ့ သတင်းထောက် တစ်ဦး ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာဝောာ့ ဇွန်လ ၃၀ ရက်နေ့က ဖမ်းဆီးထားတဲ့ ပြည်သူ ၃၃ ဦးကို လွှတ်ပေးခဲ့တယ်လို့ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
သတင်း- သံလွင်တိုင်းမ်