ဒုတိယအကြိမ် မွန်လွှတ်တော် နောက်ဆုံးအစည်အဝေးကို ဇန်နဝါရီ တတိယအပတ်တွင် ကျင်းပမည်

0
9256

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၁)

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ရဲ့ နောက်ဆုံးအကြိမ် ပုံမှန်အစည်းအဝေးကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ တတိယအပတ်အတွင်းမှာ ကျင်းပသွားမယ်လို့ မွန်ပြည်နယ်လွှတ်တော် ဥက္ကဌက ပြောပါတယ်။

နောက်ဆုံးအကြိမ် အစည်းအဝေးမှာ မေးခွန်းမေးမြန်းတာတွေ အဆိုတင်သွင်းတာတွေအပြင် ဥပဒေကြမ်းတွေလည်း တင်သွင်းဆွေးနွေးသွားဖို့ရှိတယ်လို့ ဆိုပါတယ်။

“လွှတ်တော်ခေါ်တာက အတိအကျတော့ မပြောနိုင်သေးဘူး ဇန်နဝါရီ တတိယအပတ်လောက်တော့ လျာထားချက်ရှိတယ် ဇန်နဝါရီ တတိယအပတ် ၁၈ နဲ့ ၂၂ ရက်နေ့အကြားပေါ့ အဲလောက်တော့ လျာထားတယ်” ဟု မွန်ပြည်နယ်လွှတ်တော် ဥက္ကဌ ဒေါ်တင်အိက ပြောပါတယ်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကစတင်ခဲ့ပြီး ဩဂုတ်လက ကျင်းပခဲ့တဲ့ (၁၇) ကြိမ်မြောက် အစည်းအဝေးအထိ ပုံမှန်အစည်းအဝေး ၁၇ ကြိမ်၊ အရေးပေါ်အစည်းအဝေး ၁ ကြိမ်နဲ့ အထူးအစည်းအဝေး ၂ ကြိမ် ကျင်းပခဲ့ပြီးဖြစ်ပါတယ်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သက်တမ်း (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိကို မေးခွန်းပေါင်း ၆၀၀ နီးပါး မေးမြန်းမှုရှိခဲ့ပြီး အဲဒီထဲမှာ ကတိဝင်ခဲ့တဲ့ မေးခွန်းကတော့ ၄၀၀ ကျော်ရှိခဲ့တယ်လို့ လွှတ်တော်မှတ်တမ်းတွေအရ သိရပါတယ်။

ကတိဝင်ခဲ့သည့်မေးခွန်း ၄၀၀ ကျော်အပေါ်မှာ ပြည်နယ်အစိုးရအဖွဲ့နဲ့ ဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုကတော့ ၆၅ ရာခိုင်နှုန်းကျော်သာ ရှိတယ်လို့လည်း  လွှတ်တော်မှတ်တမ်းမှာ ပါရှိပါတယ်။

မွန်ပြည်နယ်လွှတ်တော်ကို ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦးနဲ့ တပ်မတော်သား ကိုယ်စားလှယ် ၈ ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးတို့နဲ့ ဖွဲ့စည်းထားပါတယ်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်မှာ ပါဝင်ခဲ့ကြတဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦးမှာ အမျိုးသားဒီမိုကရေးအဖွဲ့ချုပ်ပါတီ ကိုယ်စားပြု ကိုယ်စားလှယ် ၁၉ ဦး၊ မွန်အမျိုးသားပါတီ ကိုယ်စားပြု ကိုယ်စားလှယ် ၂ ဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကိုယ်စားပြု ကိုယ်စားလှယ် ၁ ဦးနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ကိုယ်စားလှယ် ၁ ဦးတို့ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.