သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် ဇတ်တိုက်လေ့ကျင့်မှုတွေ ပြုလုပ်ပေးဖို့ အရပ်ဘက် အဖွဲ့အစည်းတွေ တောင်းဆို

0
9019
၂၀၁၉ ခုနှစ် မွန်ပြည်နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားစဉ်

မော်လမြိုင် ၊ ဇူလိုင် ၂၃

ကိုဗစ်-၁၉ အကြပ်အတည်းကာလမှာ ရေလွှမ်းမိုးမှု အပါအဝင် သဘာဝဘေးအန္တာရယ်တွေ ဖြစ်လာရင် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အမြန်ဆုံးဆောင်ရွက်နိုင်အောင် အစိုးရအနေနဲ့ ဇတ်တိုက်လေ့ကျင့်မှုတွေ ပြုလုပ်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

မွန်ပြည်နယ်ဟာ နှစ်စဉ် မိုးရာသီရောက်တိုင်း ရေကြီးရေလျှံတာတွေနဲ့ လေဘေးအန္တာရယ်တွေကို ရင်ဆိုင်ရလေ့ ရှိပါတယ်။

အခုလို ကူးစက်ရောဂါဖြစ်နေချိန်မှာ သဘာဝဘေးအန္တာရယ်တွေဖြစ်လာရင် ကြိုတင်မပြင်ဆင်ထားတဲ့အတွက် စီမံခန့်ခွဲမှု ပြသနာတွေ ရင်ဆိုင်ရမှာကို အရပ်ဘက်အဖွဲ့အစည်းတွေက စိုးရိမ်နေကြပါတယ်။

“ဇာတ်တိုက်လေ့ကျင့်မှုတွေသာလုပ်ထားရင် အားနည်းချက်နည်းနည်းနဲ့ ပိုမိုစွမ်းဆောင်နိုင်မှာပါ၊ခုက ကိုဗစ်ကာလလည်းဖြစ်တော့ တကယ်လို့ ရေကြီးနစ်မြှုပ်မှုတွေဖြစ်လာရင်ရော ဒီလိုပဲ အစုအလိုက် အပြုံလိုက်ထားမှာလား ဒါလဲ မေးခွန်းထုတ်ရမယ်၊ သဘာဝဘေးဖြစ်လာနိုင်တဲ့ဒေသတွေမှာဇာတ်တိုက်လေ့ကျင့်မှု၊ ပြင်ဆင်ထားမှုတွေလုပ်ဖို့ ပြည်နယ်အစိုးရကို တိုက်တွန်းပါတယ် ”လို့ ရေးမြို့မှာ ပရဟိတလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဦးအောင်ကိုကိုဦးက ပြောပါတယ်။

၂၀၁၉ ခုနှစ်အတွင်း သထုံမြို့နယ်မှာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့စဉ်

အစိုးရအဖွဲ့ကတော့ အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်တဲ့ သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းထားပြီး သဘာဝဘေးနဲ့ပတ်သက်တဲ့ သင်တန်းတွေကို UNDP အထောက်အပံ့နဲ့ ဖွင့်လှစ်ပေးဖို့ စီစဉ်နေတယ်လို့ ရေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ပြောပါတယ်။

“ရေးမြို့အတွက် စက်လှေ ၁၅ စီးလောက် ပြင်ဆင်ထားတယ်။ ငွေကြေးနဲ့စားနပ်ရိက္ခာအတွက်တော့ ပြင်ဆင်ထားတာ မရှိပေမယ့် ပြည်နယ်က ကယ်ဆယ်ရေး ဂိုဒေါင်တွေမှာ အသင့်ရှိနေပါတယ်။ ဇတ်တိုက်လေ့ကျင့်မှု အနေအထားက မရှိသေးပေမယ့် သဘာဝဘေး သင်တန်းတွေကို ရေးနဲ့ခေါဇာမှာ ဖွင့်လှစ်ပေးဖို့ စီစဉ်နေပါတယ်”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ရေကြီးမှုဖြစ်စဉ်တွေမှာ အစိုးရတာဝန်ရှိသူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအကြား ချိတ်ဆက်ဆောင်ရွက်မှုတွေ အားနည်းခဲ့တာကြောင့် ဒေသခံအချို့မှာ နစ်နာဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ မြို့ခံပရဟိတအဖွဲ့တွေက ပြောပါတယ်။

“မနှစ်က ချိတ်ဆက်မှု အားနည်းပြီး သတင်းအချက်အလက် မပြည့်စုံမှုကြောင့် ထောက်ပံ့မှုမရတာတွေ ၊ ကွာဟတာတွေကို တွေ့ရတယ်။ အဆက်အသွယ်တွေ ပြတ်တောက်သွားရင် ဘယ်လို ချိတ်ဆက်လုပ်ကြမလဲဆိုတာကို ပြင်ဆင်ထားရမယ်။ မြို့နယ်တွေမှာ အဖွဲ့ဖွဲ့တယ်ပြောတယ် အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်နေတာ မသိရသေးဘူးလို့”ရေးမြို့မိသားစု ပရဟိတအသင်း ဥက္ကဠ ဦးအောင်ခန့်ဟိန်းက ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ မိုးနှောင်းကာလမှာ ရုတ်တရက် လေပြင်းတိုက်ခတ်တာတွေ နဲ့ မိုးကြိုးပစ်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်လာနိုင်လို့ သတိထား နေထိုင်ကြဖို့ မွန်ပြည်နယ် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက တိုက်တွန်းပြောဆိုထားပါတယ်။

ပြီးခဲ့နှစ်မိုးရာသီအတွင်း မွန်ပြည်နယ်မှာ ရေကြီး​ရေလျှံတာတွေနဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ (၇၀)ကျော် သေဆုံးခဲ့ပြီး ငွေကျပ် သန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရပါတယ်။

သတင်း – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.