ကျိုက်ထီးရိုးအလှူခံပုံး ငွေစာရင်းအသေးစိတ်ချပြမှုမရှိသည့်အတွက် ဂေါပကအဖွဲ့ပွင့်လင်းမြင်မှုအားနည်းဟု ဝေဖန်မှုများရှိနေ
မော်လမြိုင်၊ မတ် ၄
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ရှိ အလှူခံပုံးများကိုဖွင့်ဖောက်စစ်ဆေးပြီး ရရှိလာသည့် တစ်ပုံးချင်းစီအလိုက် ငွေစာရင်းအသေးစိတ်ကို ချပြမှုမရှိသည့်အတွက် ဂေါပကအဖွဲ့ပွင့်လင်းမြင်သားမှုအားနည်းသည်ဟု ကျေးရွာအုပ်ချုပ်ရေမှူးများမှ ဝေဖန်ခဲ့သည်။
အလှူခံပုံး (၃၉)ပုံးကို ဂေါပကအဖွဲ့က အပတ်စဉ်အင်္ဂါနေ့တိုင်း ဖွင့်ဖောက်စစ်ဆေးပြီး တစ်ပုံးချင်းစီအလိုက် ငွေစာရင်းအသေးစိတ်ကို ယခင်ကကူးယူခွင့်ပြုခဲ့ပြီး ဂေါပကအသစ်လက်ထက်တွင် ကူးယူခွင့်မပြုတော့တာကြောင့် ပွင့်လင်းမြင်သာမှုမရှိဘူးဟု ကင်းပွန်းချောင်းကျေးရွာအုပ်စု ရာအိမ်မှူး ဦးကျော်မင်းဦးက ပြောသည်။
“၃၉ ပုံးရဲ့မြန်မာငွေရရှိမှုသည် တစ်ပုံချင်းစီရဲ့အရေအတွက်ကဘယ်လောက် ၃၉ပုံးလုံးရဲ့ပေါင်းငွေကဘယ်လောက် နိုင်ငံခြားငွေက အမေရိကန်ကဘယ်နှစ်ရွက် ထိုင်းကဘယ်နှစ်ရွက် အရွက်ရေအတိုင်း တိတိကျကျဆိုပြီး စာရင်း နှစ်ရွက်ထွက်လာပါတယ် အဲ့ဒီနှစ်ရွက်ကို ကျွန်တော်တို့ အုပ်ချုပ်ရေးကို မိတ္တူတစ်စုံပေးပါတယ် ရဲတပ်ဖွဲ့ကို မိတ္တူတစ်စုံပေးပါတယ် အဲ့ဒီလိုမပေးတော့တာ အခုဆိုရင် နှစ်ပတ်လောက်ရှိသွားပြီး “ ဟု ဦးကျော်မင်းဦးက ပြောသည်။
အလှူခံပုံးများကို ဖွင့်ဖောက်စစ်ဆေးသည့်အချိန်တွင် အုပ်ချုပ်ရေးပိုင်းမှတာဝန်ရှိသူများ ၊ ရဲဝန်ထမ်းများ ၊ ရင်ပြင်တော်ဝန်ထမ်းများ နှင့် ဂေါပကအဖွဲ့ဝင်များမှ စုပေါင်း၍ ဖွင့်ဖောက်စစ်ဆေးတာဖြစ်ကြောင်း ရင်ပြင်တော်တာဝန်ခံ ဦးတင်စိုးက ပြောသည်။
“တစ်စောင်ချင်းမပေးတာ့တဲ့စနစ်ကတော့ ကျွန်တော်တို့အဖွဲ့ခေါင်းဆောင်တွေက ချမှတ်ပေးတဲ့စနစ်ပါ လိုချင်ရင်ကူးလို့ရတယ် တစ်စောင်ချင်းဘယ်ဌာနမှမပေးဘူး လိုချင်ရင် စုစုပေါင်းဘယ်လောက်ရှိလည်း ကူးယူသွားလို့ရတယ် ကျွန်တော်တို့လုပ်ထားတဲ့စာရင်းတွေကိုတော့ ဘယ်ကိုမှမဖြန့်ဘူး “ ဟု ဦးတင်စိုးကပြောသည်။
ရင်ပြင်တော်ဂေါပကအဖွဲ့အနေဖြင့် ရောက်ရှိလာတာ ၂၄ရက်ခန့်သာရှိသေးပြီး အလှူခံပုံးဖွင့်ဖောက်စစ်ဆေးမှုသည် ၃ကြိမ်ခန့်ပင်ရှိသေးကြောင်း နှင့် ယခင်က ငွေစာရင်းအသေးစိတ် စာရင်းဇယားများကို ကူးယူခွင့်ပြုသည်ကို ယင်းတို့မသိရှိကြောင်း ဦးတင်စိုးက ဆက်လက်ပြောသည်။
ယခင်က အလှူခံပုံးများကိုဖွင့်ဖောက်စစ်ဆေးပြီးသည့် ညနေချိန်တွင် စာရင်းဇယားအသေးစိတ်များကို ဂေါပကအဖွဲ့များမှ မိတ္တူဆွဲထားပေးကြောင်းနှင့် ယခုဆို ငွေစာရင်းအသေးစိတ်ကိုမသိကြရဘဲ စုစုပေါင်းစာရင်းတစ်ခုတည်းသာ ရရှိသည်ဟု အလှူခံပုံး ဖွင့်ဖောက်စစ်ဆေးရာတွင် ပါဝင်ခဲ့သည့် ကင်းပွန်းချောင်းကျေးရွာ ဆယ်အိမ်စုမှူး ဦးအောင်ကိုလတ်က ပြောသည်။
“စစ်တာကတော့အကုန်လုံးပါတယ် စာရင်းဇယားအသေးစိတ်ကိုတော့ သူတို့မပေးကြတော့ဘူး ခါတိုင်းဆို အကုန်လုံးစစ်ဆေးပြီးပြီးဆိုရင် ညနေဘက်ဆို စာရင်းဇယားသွားယူလို့ရတယ် သူတို့က စာရွက်နဲ့ မိတ္တူဆွဲထားပြီးသား ထိုင်းငွေကဘယ်လောက် အမေရိကန်ငွေကဘယ်လောက် မြန်မာငွေကဘယ်လောက်လဲဆိုတာပေါ့ စာရင်းဇယားအသေးစိတ်ကအစ မိတ္တူကူးထားပေးတယ် အခုကစပြီး အဲ့လိုမပေးတော့ဘူး ပေးစရာလည်းမလိုဘူးပြာတယ် “ ဟု ဦးအောင်ကိုလတ်က ဆိုသည်။
မွန်ပြည်နယ်အစိုးရအဖွဲ့၏ အစီရင်ခံစာအရ ၂၀၁၈ခုနှစ် စက်တင်ဘာလ လကုန်အထိ ဘဏ်၌အပ်နှံထားသည့် ကျိုက်ထီးရိုးဘုရား ဘဏ္ဍာတော်အလှူငွေစာရင်းမှာ ( ၉၂၇၉၀၅၀၀၈၂.၈၂ ) ကျပ်ဖြစ်ပြီး ဘဏ်တိုးရငွေမှာ ( ၉၉၅၈၅၉၀.၈၂ ) ကျပ်ဖြစ်သည်ဟု ဖော်ပြထားသည်။
သတင်းနှင့် ဓါတ်ပုံ – နောင်ခန့်