မော်လမြိုင်၊ မေ ၂၅
လမိုင်းမြို့ရဲ့ နေဝင်ချိန် ညဘက်တွေမှာ လက်နက်ကိုယ်စီ ကိုင်ဆောင်ထားတဲ့ အမျိုးသားတွေဟာ ရပ်ကွက်ထိပ်လမ်းမများတွင် အစုအဖွဲ့ကိုယ်စီနှင့် လုံခြုံရေးလှည့်ကင်း ဆောင်ရွက်နေကြသည်။
ယင်းမြင်ကွင်းဟာ မေလ ၂၂ ရက်နေ့က စတင်ခဲ့သည့် အွန်လိုင်းလေလံမဲစနစ်လိမ်လည်မှုကြောင့် လမိုင်းမြို့တွင် ဆူပှုအကြမ်းဖက်မှုတွေ ဖြစ်ပွားလာပြီးနောက် မိမိတို့၏နေအိမ် လုံခြုံရေးအတွက် တစ်အိမ်လျှင် အမျိုးသားတစ်ယောက်နှုန်းဖြင့် ကင်းစောင့်နေကြခြင်း ဖြစ်သည်။
အွန်လိုင်းလေလံမဲကစားကြရာမှ သတ်မှတ်ထားသည့်ရက်တွင် ဒိုင်မှငွေမထုတ်ပေးနိုင်တာနှင့် ပတ်သက်ပြီး အမြတ်ငွေထုတ်ယူချင်သည့် ရာနှင့်ချီသောလူအုပ်က ဒိုင်၏နေအိမ်နှင့် ဆွေမျိုးနီးစပ် အိမ်များကို ဝင်ရောက်ဖျက်စီးပြီး ရွှေငွေများလုယူကာ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။
အွန်လိုင်းလေလံမဲစနစ်စတင်လာပုံ
++++++++++++++++
လမိုင်းမြို့တွင် အွန်လိုင်းလေလံမဲစနစ် စတင်ဖြစ်ပေါ်ခဲ့တာဟာ ပြီးခဲ့သော သင်္ကြန်မတိုင်ခင်ကာလက ဖြစ်သည်။
စတင်ခဲ့သည့်အချိန်မှာတော့ နီးစပ်သူအချင်းချင်း ထည့်ဝင်ကြတာဖြစ်ပြီး သင်္ကြန်ကာလအပြီးမှာတော့ လမိုင်းမြို့မှာရှိသည့် အိမ်ရှင်မတွေအကြားမှာ အွန်လိုင်းလေလံမဲစနစ်ဟာ တောမီးပမာ ပျံ့နှံ့လာခဲ့သည်။
သင်္ကြန်ကာလအပြီးမှာတော့ လမိုင်းမြို့မှာရှိသည့် လူဦးရေ ကိုးဆယ်ရာခိုင်နှုန်းခန့်သည် အွန်လိုင်းလေလံမဲစနစ်တွင် ထည့်ဝင်ကစားနေကြပြီဟု ရပ်မိရပ်ဖများ၏ ပြောစကားအရ သိရသည်။
“ ပိုက်ဆံဒီလိုအလွယ်ရတာကို မကြုံဖူးကြတာလည်းပါမယ်။ သင်္ကြန်ပြီးတာနဲ့ သူတို့ချပြလိုက်တော့ ဝုန်းဒိုင်ကြဲပြီးတော့ ကစားတော့ကြတာပဲ “ ဟု ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ကိုမင်းသိန်းထွန်းဦးက ပြောသည်။
အွန်လိုင်းလေလံစုမဲ၏ သဘောတရားမှာ ကနဦး ငွေကျပ်ဆယ်သိန်း ထည့်သွင်းပါက တစ်ပတ်ပြည့်သည်နှင့် ဆယ့်ငါးသိန်းခန့်ရရှိကြောင်း၊ ငွေကျပ် နှစ်သိန်းခန့် ထည့်သွင်းတဲ့သူ ရှိသလို သိန်းထောင်နှင့်ချီ ထည့်သွင်းထားသူများလည်း ရှိကြကြောင်း ဒေသခံများက ပြောသည်။
“ဆယ်ယောက်မှာ ကိုးယောက်လောက်ထည့်ကြတယ် အားလုံးလဲ အမြတ်ရနေတာ တွေ့တယ် ဒါကြောင့် အန်တီတို့လည်း ထည့်တာ “ ဟု လမိုင်းမြို့ ဒေသခံ ဒေါ်ထွားကြည်က ပြောသည်။
အထူးစုမဲ ၊ အရေးပေါ်စုမဲဟူ၍ လေလံမဲအမျိုးမျိုးရှိပြီး သုံးရက်စုမဲ ငါးရက်စုမဲအပြင် ဒီနေ့ငွေထည့်ပြီး နောက်နေ့ ငွေပြန်ထုတ်ယူရသည့် စုမဲများလည်း ရှိကြောင်း သိရသည်။
လမိုင်းမြို့တွင် အွန်လိုင်းလေလံမဲအား ဦးဆောင်ကစားသူ ကိုယ်စားလှယ်(၃)ဦးရှိပြီး ယခုပြဿနာဖြစ်ပေါ်နေသည်မှာ မိခိုင်ယဉ်မွန်ဦးဆောင်သည့် (IC Group) နှင့် မငြိမ်းချမ်း ဦးဆောင်သည့် (NNCC Group) တို့ ဖြစ်သည်။
အွန်လိုင်းလေလံမဲငွေကြေးအရှုပ်တော်ပုံ
+++++++++++++++++++
မေလ (၁၈)ရက်နေ့ ကဆုန်လပြည့်နေ့တွင် မိခိုင်ယဉ်မွန် ဦးဆောင်သည့် (IC Group) တွင် အမြတ်ငွေထုတ်ပေးမှု နောက်ကျရာမှစတင်ပြီး ငွေထုတ်ပေးရမည့် ရက်များထပ်သွားကြောင်း ဒေသခံများက ပြောသည်။
ငွေပမာဏများပြားလွန်းသည့်အတွက် ဒိုင်မှငွေမလျော်နိုင်တော့ဘူးဟု သတင်းများထွက်ပေါ်လာပြီးနောက် ငွေထုတ်ယူလိုသူများ စုဝေးလာပြီး အမြတ်ငွေမရရှိမှာကို စိုးရိမ်၍ ဆူပူမှုများဖြစ်လာကြောင်း သိရသည်။
“ ငွေထုတ်ဖို့စောင့်နေကြတာ တပေါင်းပွဲတော်လို လူတွေအများကြီးပဲ ပိုက်ဆံဝေနေတဲ့အချိန်မှာပဲ ကားမီးရှို့တာ ဖြစ်လာတယ် “ ဟု ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ကိုမင်းသိန်းထွန်းဦးက ပြောသည်။
မိခိုင်ယဉ်မွန်မှ အမြတ်ငွေများကို သိန်းတစ်ရာလျှင် ငါးသိန်းနှုန်းနှင့် ဝေပေးနေသည့်အချိန်တွင် ငွေထုတ်ယူသူများမှ ဆူပူမှုဖြစ်ပွားခဲ့ပြီး ကားမီးရှို့ခြင်းနှင့် နေအိမ်ဖျက်ဆီးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။
“ ပိုက်ဆံဝေနေရင်းနဲ့ မလောက်တော့မှန်းသိတော့ ဒီအိမ်ပေါ်မှာ ပိုက်ဆံအများကြီး ရှိတယ်ဆိုပြီး တက်လုကြတယ် နောက်ဆုံး ခိုင်ရည်မွန်တို့ ထွက်ပြေးရတဲ့ အဆင့်ရောက်သွားတယ်” ဟု မြို့မ (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးထွန်းက ပြောသည်။
ယင်းအချိန်တွင် နေအိမ်ပေါ်တွင်ရှိနေသော မိခိုင်ယဉ်မွန်တို့မှ ထွက်ပြေးခဲ့ပြီး ငွေထုတ်ယူသူများမှ ဝိုင်းဝန်း၍ ရိုက်နှက်ဖမ်းဆီးခဲ့သည့်အပြင် နေအိမ်ပေါ်တွင်ရှိသော ပိုက်ဆံများကို လုယူခဲ့ကြသည်။
“ လူတွေလိုက်အော်နေတယ်” ဟေး “အိမ်က မီးမိန်းတွေ အကုန်လုံး ချချပေါ့ ၊ ဘာဖြစ်လို့လဲဆိုတော့ ခိုင်ယဉ်မွန်တို့အိမ်မှာ ပိုက်ဆံရှင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ မကျေနပ်လို့ အိမ်မီးရှို့မယ် ဝါယာရှော့ဖြစ်မယ် “ လို့ လိုက်ပြောနေတာ ကြားသည်ဟု ကိုမင်းသိန်းထွန်းဦးက ပြောသည်။
မေလ (၂၂)ရက်နေ့တွင် ရာနှင့်ချီသည့်လူစုသည် မိခိုင်ယဉ်မွန်နှင့် နီးစပ်သည့် ဆွေမျိုးနေအိမ်(၈)လုံးကို ဝင်ရောက်ဖျက်ဆီးပြီး ရွှေငွေများကို လုယက်ခဲ့ကြတာကြောင့် နေအိမ်ပိုင်ရှင်များမှာ ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ဲကြရသည်။
“ ခိုင်ယဉ်မွန်နဲ့ပတ်သက်တဲ့ ဆွေမျိုးအသိုင်းအဝိုင်းအိမ်တွေကို ပိုက်ဆံတွေ ထားထားတယ်ဆိုပြီးတော့ တစ်အိမ်ပြီးတစ်အိမ် လိုက်ဖျက်ကြတယ် လုကြတယ် “ ဟု မြို့မ (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးထွန်းက ပြောသည်။
ဆူပှုမှုဖြစ်ပွားနေသည့် အတောအတွင်းမှာတော့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ လုံခြုံရေးမပေးနိုင်ခဲ့သလို ရပ်မိရပ်ဖများမှလည်း မထိန်းသိမ်းနိုင်ခဲ့ပေ။
“ ဖျက်ဆီးပြီးသားအိမ်တွေကို အကြိမ်ကြိမ် အခါခါ ဖျက်စီးတော့ ဘေးပတ်ဝန်းကျင်အိမ်တွေက ကြောက်လာတယ် မနေရဲတော့ဘူး မလုံခြုံတော့ဘူးလို့ ထင်ကြတယ်ပေါ့” ဟု အုပ်ချုပ်ရေးမှူး ဦးအေးထွန်းက ပြောသည်။
ဖျက်ဆီးထားသည့် နေအိမ်များမှာ ပြန်လည်နေထိုင်ရန်အဆင်မပြေတော့သည့်အတွက် ဆွေမျိုးတော်စပ်သူများမှာ ယာယီတိမ်းရှောင်နေရကြောင်း သိရသည်။
မေလ (၂၂)ရက်နေ့ ညပိုင်းမှာတော့ ရဲတပ်ဖွဲ့မှအင်အား(၁၀၀)ခန့်ဖြင့် လုံခြုံရေးချထားခဲ့ပြီး ရဲတပ်ဖွဲ့မှတာဝန်ရှိသူများ ၊ မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌ ၊ ရပ်မိရပ်ဖများ နှင့် ဆူပူမှုပြုလုပ်ခဲ့သူများတို့ သည် လမိုင်းမြို့အုပ်ချုပ်ရေးမှူးရုံးတွင် ညှိနှိုင်းခဲ့ကြပြီး ရုန်းရင်းဆန်ခတ် အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့သည်။
တောမီးလောင် တောကြောင်လက်ခမောင်းခတ်
+++++++++++++++++++++++
မိခိုင်ယဉ်မွန်နေအိမ်နှင့် ဆွေမျိုးများ၏နေအိမ်များအား ဖျက်ဆီး၍ ဝင်ရောက်လုယူသူများတွင် စုမဲထည့်ဝင်ထားသူများအပြင် ဆူပူမှုဖြစ်အောင်ဖန်တီး၍ အခွင့်အရေးယူကာ လုယက်ကြသူများ ပါရှိကြောင်း ဒေသခံများက ဆိုသည်။
“ လုယက်မှုမှာ အချို့က ဇွန်းတစ်ချောင်းလည်း ရအောင်ယူတယ် သူတို့ရဲ့ဝတ်စားဆင်ယင်မှု ဥပဓိရုပ်တွေဟာ ပိုက်ဆံများများရှိတဲ့သူတွေ မဟုတ်ဘူး ဒီမှာငွေထည့်ထားကြသူတွေက အတော်အသင့် ငွေရှိတဲ့သူတွေပါ “ ဟု ကိုမင်းသိန်းထွန်းဦးက ပြောသည်။
ဆူပူမှု၏နောက်ဆက်တွဲအနေဖြင့် မေလ (၂၃)ရက်နေ့ ညပိုင်းတွင် မိခိုင်ရည်မွန်၏ဆွေမျိုးတချို့အား အနုကြမ်းစီး၍ ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဆွေမျိုးနီးစပ်တော်စပ်သူ ဦးဖေဆန်း၏နေအိမ်သို့ အမျိုးသား(၄)ဦးရောက်ရှိလာပြီး လမိုင်းမြို့နှင့် သုံးဖာလုံဝေးကွာသည့် မော့ကနင်ကျေးရွာအနီးရှိ ရာဘာခြံသို့ခေါ်ဆောင်သွားကာ ဦးဖေဆန်းအား ရိုက်နှက်၍ ပိုက်ဆံများ မည်သည့်နေရာတွင် ရှိ/မရှိ ခြိမ်းခြောက်မေးမြန်းခဲ့ကြကြောင်း သိရသည်။
“ ခိုင်ယဉ်မွန်ရဲ့ ပိုက်ဆံတွေကို ဟိုအိမ်မှာထားတယ် ဒီအိမ်မှာထားတယ်ဆိုပြီးတော့ ပိုက်ဆံနောက်ကို လိုက်ကြတာ ခုထိပြဿနာကမပြီးသေးဘူး “ ဟု မြိုမ (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးထွန်းက ပြောသည်။
ထိုသူများမှ ဦးဖေဆန်းအား နေအိမ်သို့ပြန်လည်ပို့ဆောင်သည့်အခါတွင် ညဘက်လုံခြုံရေးယူရန်ဆောင်ရွက်နေကြသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများက အနုကြမ်းစီးနင်းသူများကို ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
လုံခြုံရေးစိုးရိမ်ထိန့်လန့်နေကြရခြင်း
+++++++++++++++++
လူအများစုဝေး၍ ဆူပူမှုတွေအပြင် အကြမ်းဖက်မှုများပါ ဖြစ်ပေါ်လာတာကြောင့် အွန်လိုင်းလေလံမဲဒိုင်မှ ငွေကြေးမရရှိမှာထက် မိမိတို့နေအိမ်များ၏ လုံခြုံရေးကို ပို၍စိုးရိမ်နေရကြောင်း ဒေသခံများက ဆိုသည်။
ယင်းအတွက် လမိုင်းမြို့ရှိ ရဲတပ်ဖွဲ့ဝင်များ ၊ ပရဟတိအသင်းများမှ လူငယ်များအပြင် တစ်အိမ်လျှင် အမျိုးသားတစ်ဦးနှုန်းဖြင့် မိမိတို့ရပ်ကွက်လမ်းမများတွင် မိုးလင်းပေါက် ကင်းလှည့်နေရသည်ဟု လမိုင်းမြို့ ရပ်ကွက်(၃)တွင် နေထိုင်သူ ဦးမျိုးသန်းက ပြောသည်။
“ လေလံဒိုင်ဆီက ပိုက်ဆံရဖို့ထက် ကိုယ့်ရဲ့အိုးအိမ် လုံခြုံရေးအတွက် ပူပင်သောကဖြစ်ပြီး စောင့်နေကြရပြီး အခုက အနုကြမ်းစီးသလိုမျိုး လူကိုခေါ်သွားမယ် ပြန်ပေးဆွဲသလိုမျိုးဖြစ်နေတာ” ဟု တုတ်ရှည်တစ်ချောင်း ကိုင်ဆောင်ထားသည့် အသက်(၆၀)အရွယ် ဦးမျိုးသန်းက ပြောသည်။
မြို့ခံပရဟတိအသင်းအဖွဲ့များနှင့်ရပ်မိရပ်ဖများ ပူးပေါင်း၍ ကင်းစောင့်နေကြတာဖြစ်ပြီး ကင်းစောင့်နေသူများတွင် တုတ် ၊ ဓားရှည် နှင့် လက်နက်တစ်မျိုးစီ ကိုင်ဆောင်ထားကြသည်။
အွန်လိုင်းလေလံမဲ ပြဿနာကိုအကြောင်းပြု၍ ဆူပူမှုများနှင့် အကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားလာပါက ဥပဒေအတိုင်း ပြတ်ပြတ်သားသားဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်တယ်လို့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက ပြောသည်။
“ ဖျက်ဆီးတာတွေ မီးရှို့တာတွေကို ကျွန်တော်လုံးဝလက်မခံဘူး အကြမ်းဖက်မှုတွေ ထပ်ဖြစ်လာရင် ဥပဒေအတိုင်း ပြတ်ပြတ်သားသားဆောင်ရွက်ဖို့ ညွှန်းကြားထားတယ်” ဟု ၎င်းက ပြောသည်။
အွန်လိုင်းလေလံမဲဒိုင်၏ ဖြေရှင်းမှု
++++++++++++++++
အွန်လိုင်းလေလံမဲအား စတင်ဝယ်ယူကစားခဲ့စဉ်ကတည်းက သူမ အနေနှင့် အာမခံချက်တစ်စုံတစ်ရာ ပေးခဲ့ခြင်းမရှိကြောင်း ၊ ယင်းလေလံမဲများကို ဝယ်ယူကစားရန် တိုက်တွန်းခဲ့ခြင်းလည်း မရှိပဲ ၎င်းတို့၏စိတ်ဆန္ဒအလျောက် ဝယ်ယူကစားကြခြင်းသာဖြစ်ကြောင်း (NNCC Group ) ကို ဦးဆောင်သည့် မငြိမ်းချမ်းက ပြောသည်။
မေလ (၁၉)ရက်နေ့တွင် ငွေထုတ်ပေးရမည်ဖြစ်သော်လည်း ဒိုင်ကြီးမှ ငွေမထုတ်ပေးသည့်အတွက် မဲကစားသူများထံသို့ ငွေထုတ်ပေးရန် ကျန်ရှိနေကြောင်း ၊ ငွေထုတ်ပေးဖို့ အချိန်ဆွဲနေတာ မဟုတ်ဘဲ တစ်ဦးချင်းစီ၏ စာရင်းလုပ်ပေးနေရတာကြောင့် ရက်အနည်းကြာနေကြောင်း ၎င်းက ထပ်မံ ပြောဆိုသည်။
“ဒီလိုအခက်အခဲဖြစ်သွားတော့ အမကိုလူတွေက လိမ်တယ်လို့ပြောကြတယ် ၁၉ရက်နေ့မှာလျော်တာ ကျန်သွားတယ် ပိုက်ဆံမလောက်တော့လို့ အဲ့ကနေစပြီး လျော်ဖို့ကျန်နေတယ် အမအချိန်ဆွဲနေတာမဟုတ်ဘူး စာရင်းဇယားတွေလုပ်ပေးရတယ် တစ်ယောက်ချင်းစီကို “ ဟု မငြိမ်းချမ်းက ပြောသည်။
ဆူပူမှုများပြုလုပ်နေသူများတွင် မငြိမ်းချမ်း၏အဖွဲ့မှ လူများအပြင် သူမတစ်ကြိမ်မျှ မတွေ့ဖူးသည့် လူစိမ်းများပါ တွေ့ရှိရကြောင်း ၎င်းကပြောသည်။
“ ခုက ဘယ်ကမှန်းမသိတဲ့ လူစိမ်းတွေပါ ပါလာတယ် အမရဲ့အသက်အန္တာရယ်စိုးရိမ်နေရတယ် ဒီအလုပ်က အမတစ်ယောက်တည်းလုပ်တာ ခုက မိသားစုဝင်တွေရဲ့ အသက်ကိုပါ စိုးရိမ်နေရတယ် “ ဟု မငြိမ်းချမ်းက ဆိုသည်။
NNCC Group ကို ဦးဆောင်သည့် မငြိမ်းချမ်းအနေနဲ့ ထုတ်ပေးရမည့် ငွေပမာဏမှာ မေလ ၁၉ရက်နေ့မှ ၃၀ရက်နေ့အထိကို သိန်းပေါင်း (၂)သိန်းကျော် ရှိနေပြီး ယခုလက်ထဲမှာ ရှိနေသည့် ကျပ်သိန်းတစ်သောင်းကျော်ကို အချိုးကျ ခွဲဝေပေးသွားမည်ဟု ၎င်းက ဆိုသည်။
ကျန်ရှိနေသည့် လက်ကျန်ငွေများကို အချိုးကျဝေပေးသွားနိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ရပ်မိရပ်ဖတို့မှ ဆွေးနွေးညှိနှိုင်းနေပြီး လေလံမဲဝယ်ယူထားသူများကိုလည်း ဖျောင်းဖျမှုများ ပြုလုပ်လျက် ရှိသည်။
ကျန်ရှိနေသည့် ငွေများထုတ်ပေးရန် ဒိုင်ကြီးမှ ဇွန်လ သုံးရက်နေ့တွင် ချိန်းဆိုထားတာကြောင့် ခေတ္တစောင့်ဆိုင်းနေကြောင်း၊ အွန်လိုင်းလေလံမဲစနစ်ကို ကစားနေသည့် မူရင်းဒိုင်ကို ဖော်ထုတ်ရန်ပြင်ဆင်ထားပြီး ချိန်းဆိုထားသည့် ရက်အတွင်း ငွေမထုတ်ပေးပါက တရားစွဲဆိုသွားမည်ဟု မငြိမ်းချမ်းက ပြောသည်။
IC Group ကို ဦးဆောင်သည့် မိခိုင်ယဉ်မွန်ကိုမူ ရဲစခန်းတွင် ထိန်းသိမ်းထားပြီး သူမပေးချေရမည့် ငွေပမာဏကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
မငြိမ်းချမ်းတွင် ကျန်ရှိနေသည့် ငွေကျပ်သိန်းတစ်သောင်းကျော်ကို သူမ၏အဖွဲ့သားများထံသို့ အမြန်ဆုံးပေးချေနိုင်ရန် ရပ်မိရပ်ဖများမှ ကြိုးပမ်းနေကြပြီး ထိုငွေများမရှိတော့မှသာ အကြမ်းဖက်လုယူမှုများ ရပ်တန့်သွားမည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးများက ယုံကြည်နေကြသည်။
ရေးသားသူ – နောင်ခန့်
ဓါတ်ပုံ – နောင်ခန့်