ယခုနှစ်ဆန်းပိုင်းရေးမြို့နယ်ထွက်သံပုရာသီးဈေးကောင်းရနေ

0
10898
photo- AKO

ရေး ၊ ဇန်နဝါရီ ၂၄

ရေးမြို့နယ်အတွင်းထွက်ရှိသောသံပုရာသီးများ ယခုနှစ်ဆန်းပိုင်းမှစတင်ကာအထွက်ကောင်း ပြီး ဈေးကောင်းရနေကြောင်းသံပုရာစိုက်တောင်သူများ၏ ပြောကြားချက်အရသိရသည်။

“ တစ်လုံးကို ၆၀ ကျပ်အထိခုဈေးရနေတယ်၊ ဒါကဒိုင်သွင်းဈေးပါ၊ သံပုရာအထွက်ကလည်း ကောင်းနေတယ်၊ ယမန်နှစ်ကဒီအချိန် အများဆုံးတစ်လုံး ၃၀ ကျပ်လောက်အထိပဲဈေးရတယ် ” ဟုသံပုရာစိုက်တောင်သူ ဦးအောင်သန်းကသံလွင်တိုင်းမ်ကိုပြောသည်။

ပြုပြင်ထိန်းသိမ်းမှုအပေါ်မူတည်ပြီးတစ်နှစ်အတွင်းသံပုရာတစ်ပင်လျှင် အလုံးရေ ၂၅၀၀ မှ ၅၀၀၀ မှထွက်ရှိကာအများစုအနေဖြင့် ကိုင်းထုတ်၊ ကိုင်းဆက်နည်းဖြင့် စိုက်ပျိုးကြကြောင်းလည်း သိရသည်။

“ ရေးမြို့ထဲမှာတော့ လက်လီပေါက်ဈေးတစ်လုံး ၁၀၀ ဖြစ်နေတယ်၊ အများစုက

ရန်ကုန်ကိုပဲ တင်ပို့ကြတာပါ၊ ဒိုင်သွင်းဈေးကတပေါင်းလလောက်ဆို ၁၀၀ အထိဖြစ်ဖူးတယ် ” ဟု သံပုရာဝယ်ရောင်းလုပ်ကိုင်သူ တစ်ဦးကပြောသည်။

အချဉ်စူးခြင်း၊ အနံ့မွှေးခြင်း၊ အသီးလှခြင်းတို့ကြောင့် ရေးဒေသထွက်သံပုရာကို အဓိက လူကြိုက်များကြကြောင်းလည်း သံပုရာသီးဝယ်ရောင်းလုပ်ကိုင်ကြသူများကဆိုသည်။

“ ကိုင်းဆက်ကိုပဲစိုက်ကြတာများပါတယ်၊ သူကကုန်ကျစရိတ်သက်သာတယ်၊သီးတာကတော့ ၃ နှစ်အတွင်းသီးပါတယ်၊ နောက်တစ်ခုကအမြစ်ကူးနည်းပါ၊ သူက ပင်ပန်းတယ်၊ အမြစ်ကူးမယ့် အကိုင်းက အသင့်ရှိမှအဆင်ပြေတယ်၊ ကုန်ကျစရိတ်လဲများတယ်၊ ဒါပေမယ့် ၁ နှစ်အတွင်းသီးတယ်၊ ဒီကလူတွေကတော့ ကိုင်းဆက်ကိုင်းထုတ်နည်းကိုပဲစိုက်ကြပါတယ် ” ဟု သံပုရာသီးကိုင်းဆက်ကိုင်း ထုတ်ရောင်းချသူဦးစိုးနိုင်ကဆိုသည်။

photo- AKO
photo- AKO

ရေးမြို့ဒေသထွက်သံပုရာကိုသီးခြားစိုက်ပျိုးခြင်းမဟုတ်ပဲသောင်းပြောင်းဥယျာဉ်ခြံများရှိဒူးရင်းပင်နှင့် ကွမ်းသီးပင်များအကြားတွင် အဓိကစိုက်ပျိုးပြီးအပင်အားဂရုတစိုက်ထိန်းသိမ်းပေးနိုင်မှုအပေါ် တစ်နှစ်ပတ်လုံးထွက်ရှိကြောင်းသိရသည်။

သတင်း – ရဲနိုင်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.