အစိုးရသစ်လက်ထက်တွင် မော်လမြိုင်တက္ကသိုလ်ကျောင်းသားများအား ပညာသင်ထောက်ပံံ့ကြေးများ ချီးမြှင့်မည်

0
11840

မော်လမြိုင်၊ သြဂုတ် ၂၂ ၂၀၁၆-၂၀၁၇ပညာသင်နှစ်မှစ၍ မော်လမြိုင်တက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားမည့် ကျောင်းသား/သူများ အား ပညာသင်ထောက်ပံံ့ကြေးများ ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါထောက်ပံံ့ကြေးကို နေ့ကျောင်းတက်သူများအတွက် ပေးအပ်သွားရန် ဖြစ်ပြီး အဝေးသင် ကျောင်းသားများ အတွက် ပေးအပ်ရန်မသေချာသေးကြောင်း သိရသည်။

“ဒီနှစ် တက်မယ့်ကလေးတွေကို စပေးမှာပါ။ ဥပမာ တစ်လ (၃)သောင်းထား (၁၀)လစာ (၃)သိန်းရမယ်ပေါ့။ ဥပမာ ပြောတာပါ။ အဲ့ဒီလျှောက်လွှာကိုတော့ တစ်ခါတည်း ဝင်ခွင့်လျှောက်တဲ့အိတ်မှာ ထည့်ထားပေးမယ် ဆင်းရဲတဲ့သူ တွေ ကျောင်းမတက်နိုင်တဲ့ သူတွေ အတွက်ပေါ့ မိဘတွေကလည်း လစာ နည်းတဲ့ဝန်ထမ်းဖြစ်ရမယ်။ ဆင်းရဲတဲ့သူ ချင်းတူရင် ပိုချို့တဲ့ တဲ့သူတွေကို ဦးစားပေးမယ် ဘယ်လောက်ပေးမယ်ဆိုပြီး စာ ကျလာတာ ကို စောင့်နေတာပေါ့ နော်”ဟု မော်လမြိုင် တက္ကသိုလ်မော်ကွန်း ထိန်း ဒေါ်မေမီခင်က သံလွင်တိုင်းမ်သို့ပြောသည်။

အဆိုပါ ထောက်ပံံ့ကြေးလျှောက်လွှာများကို လာမည့်သြဂုတ်လ (၃၁)ရက်နေ့တွင် မိမိမြို့နယ်၏ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ပေးပို့သွားမှာဖြစ်ပြီး ထိုမှတစ်ဆင့် အဆင့်မြင့်ပညာဦးစီး ဌာနသို့ တိုက်ရိုက်ပေးပို့ သွားမှာဖြစ်ကြောင်းသိရသည်။

“အရင် အစိုးရလက်ထက်မှာတော့ ကျွန်တော်တို့ကျောင်းအတွက် ဒါမျိုးတွေ လုပ်ပေးတာမကြားဖူးပါဘူး။ အစိုးသစ် လက်ထက်မှာ လုပ်ပေး တာတော့ကောင်းတော့ကောင်းပါတယ်။ ဒါပေမယ့် ထောက်ပံံ့ကြေးပေးတာတွေက အရင်က လို ကိုယ်နဲ့နီးစပ်ရာကို ပေးလိုက်တာမျိုးတွေ မဖြစ်စေချင်တော့ဘူး” ဟု မော်လမြိုင် တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုမင်းဟံတလမွန်က ပြောသည်။

ထောက်ပံ့ကြေးလျှောက်ထားပြီး ရရှိသောကျောင်းသားသည် စာမေးပွဲကျရှုံးခြင်းမရှိပါက နောက်ဆုံးနှစ်ထိ ခံစားခွင့်ရှိ သော်လည်း ကျရှုံးခဲ့ပါက အဆိုပါ ထောက်ပံံ့ကြေးအား ရပ်ဆိုင်းပြီး အောင်မြင်သည့် ပညာသင်နှစ် တွင် ပြန်လည် လျှောက်ထားရန် အခွင့်အရေးရှိကြောင်းသိရသည်။

“ဒီထောက်ပံ့ကြေး ပေးတာတော့ကောင်းပါတယ်။ ဒါပေမယ့် ထောက်ပံ့ကြေးယူထားသူတိုင်းက ပိုက်ဆံမတတ်နိုင် လို့ ဆင်းရဲနွမ်းပါးပြီး ချို့တဲ့တဲ့သူဆိုပြီးသတ်မှတ်ခြင်းခံရတာတော့ သူအတွက်တော့မကောင်းဘူးပေါ့ Scholarship ပုံစံမျိုးဆို ပိုပြီးသင့်တော်မယ် ထင်တယ်။ တော်တဲ့ကလေးတွေအတွက်ပေါ့နော်”ဟု မော်လမြိုင် တက္ကသိုလ်ရှိ Marine မေဂျာကို Masterထိ ကျောင်းတက်ရောက်ခဲ့ပြီး မဟာသုတေသနအတွက် စာတမ်းပြုစုနေသည့် ကိုထက် မြက်မော်က ပြောသည်။

ယခင်အစိုးရလက်ထက်က ထောက်ပံ့ကြေးပေးအပ်ခဲ့မှုအပေါ် “မထိရောက်ဘူး ပေးမယ်လို့ကြားရုံပဲရှိတယ်။ သတင်း အချက်အလက်ကို သေချာကြေငြာစေချင်တယ်။ ထိထိရောက်ရောက်လည်း လုပ်စေချင်တယ်။ ဒီလိုကိစ္စ တွေအတွက် ကျောင်းသားရေးရာမှာ ကပ်ထားတာထက် ကျောင်းသားတွေကို ပြောပြပေးတာက ပိုကောင်းမယ် လို့ ထင်တယ်။ ဒါမျိုးကျွန်တော်တို့ တက္ကသိုလ်မှာပေးတာ အခုမှကြားဖူးတာပါ” ဟု အဆိုပါတက္ကသိုလ်တွင် ရူပဗေဒ ဘာသာရပ်ကို တတိယနှစ်တက်ရောက်နေဆဲဖြစ်သည့် ကိုဝင်းမြင့်ဦးကပြောသည်။
education-guide
လက်ရှိ မော်လမြိုင် တက္ကသိုလ်တွင် မေဂျာကြီး (၁၅) မေဂျာခန့် ဆက်လက် သင်ကြားပေးလျက်ရှိပြီး ပထမနှစ် ကျောင်းသားများ ခေါ်ယူရန် စီစဉ်လျက်ရှိကြောင်းသိရသည်

သတင်း – TU Arkar Min

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.