မွန်ပြည်နယ်အစိုးရ၏ ရက်(၁၀၀)အတွင်းမှ ထင်ထင်ရှားရှားသတင်းများ

(သံလွင်တိုင်းမ်ဂျာနယ်မှ မွန်ပြည်နယ်အစိုးရ၏ ရက်(၁၀၀)ကာလအတွင်း ထင်ထင်ရှားရှားရှိခဲ့သည့် သံလွင်တိုင်းမ်ဂျာနယ်မှ ဖော်ပြခဲ့သော သတင်းများအနက်မှ အချို့ကို ပြန်လည်ကောက်နုတ်ဖော်ပြအပ်ပါ သည်။)

(သတင်းများမှာ ၂၀၁၆ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှ ဇူလိုင်လ(၁၀)ရက်နေ့အထိဖော်ပြခဲ့သော သတင်းများဖြစ်ပါသည်)

မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးမင်းမင်းဦးအား ကန့်ကွက်သူမရှိ အတည်ပြုခန့်အပ် အဂတိတရားကင်းစင် အောင်လုပ်ဆောင်မည်ဟုဆို

မော်လမြိုင်၊ မတ် ၂၉

ယနေ့ ကျင်းပပြုလုပ်သော ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ရန် နိုင်ငံတော်သမ္မတက အမည်စာရင်းပေးပို့ထားသော ဦးမင်းမင်းဦးအား ကန့်ကွက်သူမရှိ အတည်ပြုခန့်အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

နိုင်ငံတော်ဘဏ္ဍာငွေကို ခြိုးခြံချွေတာသည့်အနေဖြင့် မွန်ဝန်ကြီးချုပ်က ဝန်ကြီးဌာနနှစ်ခု တိုက်ရိုက်ကိုင်တွယ်မည်ဟုဆို

မော်လမြိုင်၊ ဧပြီ ၅

သမ္မတအဆိုပြုထားသည့် ဝန်ကြီးဌာန(၇)ခုထဲက စည်ပင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနကို မွန်ပြည် နယ်ဝန်ကြီးချုပ်က နိုင်ငံတော်ဘဏ္ဍာငွေကို ခြိုးခြံချွေတာသည့်အနေဖြင့် တိုက်ရိုက်ကိုင်တွယ်မည်ဟု သိရသည်။

မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဌနေရာအတွက် မဲခွဲဆုံးဖြတ်မှု ဒေါက်တာအောင်နိုင်ဦး အနိုင်ရ

မော်လမြိုင်၊ ဧပြီ ၅

ဒုတိယအကြိမ်၊ မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဌနေရာအတွက် အမည်စာရင်း
အပြိုင်တင်သွင်းကြရာ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး အနိုင်ရရှိခဲ့ကြောင်းသတင်းရရှိပါသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး အမေရိကန်သို့ (၁၀)ရက်ကြာလေ့လာရေးခရီးသွားရောက်

မော်လမြိုင်၊ ဧပြီ ၄

မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံထားရသည့် ဦးမင်းမင်းဦးသည် လာမည့် ဧပြီလ (၇)ရက်နေ့မှစတင်ပြီး အမေရိကန်ပြည်ထောင်စုသို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြောင်းသိရသည်။

မွန်ပြည်နယ်လွှတ်တော်တွင် လွှတ်တော်ရေးရာကော်မတီ ခြောက်ခု ဖွဲ့စည်း အတည်ပြု

မော်လမြိုင်၊ ဧပြီ ၅

မွန်ပြည်နယ်လွှတ်တော်တွင် ဧပြီလ(၅)ရက်နေ့ထိ လွှတ်တော်ရေးရာကော်မတီ ခြောက်ခု ဖွဲ့စည်းခဲ့ကာ အတည်ပြုပြီးခဲ့ကြောင်း မွန်ပြည်နယ်လွှတ်တော်ရုံးထံမှ သိရှိရသည်။

မွန်ပြည်နယ်တွင် သင်္ကြန်အကြိုကာလ စည်းကမ်းမဲ့ ယာဉ်အစီးရေ ၅၀၀ ကျော် ဖမ်းဆီးအရေးယူထား

မော်လမြိုင်၊ ဧပြီ ၅

မွန်ပြည်နယ် သင်္ကြန်အကြိုကာလအတွင်း ယာဉ်စည်းကမ်းဥပဒေဖြင့် ဖမ်းဆီး အရေးယူထားသည့် မော်တော် ယာဉ်နှင့် ဆိုင်ကယ်စုစုပေါင်း အစီးရေ(၅၀၀)ကျော် ရှိကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ပြည်နယ်တွင်းရှိ လုပ်ငန်းများတင်ဒါခေါ်ယူရာတွင် မျှမျှတတဖြစ်အောင်ဆောင်ရွက်သွားမည်ဟု မွန်ပြည်နယ် လျှပ်စစ်ဝန်ကြီးဆို

မော်လမြိုင်၊ ဧပြီ ၂၅

အစိုးရသစ်လက်ထက် ပြည်နယ်အတွင်းရှိ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် ပထမဆုံး အကြိမ် တင်ဒါကို မေလမှ ဇွန်လကုန်အထိ ခေါ်ယူသွားမည်ဖြစ်ပြီး ခေါ်ယူရာတွင် မျှမျှတတဖြစ်အောင် ဆောင်ရွက်သွားမည်ဟု မွန်ပြည်နယ် လျှပ်စစ် စွမ်းအင်နှင့်စက်မှုဝန်ကြီးက ပြောသည်။

မွန်ပြည်နယ် လွှတ်တော်ရုံးသို့ သုံးလအတွင်း တိုင်ကြားစာ ၈၀ ကျော်ရောက်ရှိ

မော်လမြိုင်၊ ဧပြီ ၂၆

ဒုတိယအကြိမ်၊ မွန်ပြည်နယ်လွှတ်တော် သက်တမ်း သုံးလအတွင်း တိုင်ကြားစာ ၈၀ ကျော်ရောက်ရှိ ထားကြောင်း မွန်ပြည်နယ် လွှတ်တော်ရုံးမှ သတင်းရရှိသည်။

ပြည်နယ်ဝန်ကြီးချုပ်က အစိုးရ လုပ်ငန်းနှင့် သက်ဆိုင်သည့် ကိစ္စများအား သတင်းမီဒီယာသို့ တစ်လတစ်ကြိမ်သာ ထုတ်ပြန်ပြောကြားမည်

မော်လမြိုင်၊ ဧပြီ (၂၈)

မွန်ပြည်နယ်အစိုးရအဖွဲ့၏လုပ်ငန်းများနှင့်ဆိုင်သည့် ကိစ္စရပ်များကို မွန်ပြည်နယ်ဝန်ကြီးချုပ်မှ သတင်း မီဒီယာများသို့ တစ်လလျှင်တစ်ကြိမ်သာထုတ်ပြန်ပြောကြားသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

မွန်ပြည်နယ်အတွင်း လျှပ်စစ်မီးပြတ်တောက်မှု ရှိပါက ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးရုံးသို့ တိုင်ကြားစာ ပေးပို့နိုင်သည်ဟုဆို

မော်လမြိုင်၊ မေ ၁

မွန်ပြည်နယ်အတွင်း လျှပ်စစ်မီးပြတ်တောက်မှု ရှိသည့် မြို့နယ်များ ရှိပါက ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးရုံးသို့ တိုင်ကြားစာ ပေးပို့နိုင်ကြောင်း ပြည်နယ်အစိုးရရုံးမှ သတင်းရရှိသည်။

ရက်(၁၀၀)စီမံချက်အရ လမ်းချဲ့မည်ဖြစ်သော်လည်း ကျိုက်မရောအဝင် ထန်းပင်တန်းခုတ်လဲမည် မဟုတ်ဟုဆို

မော်လမြိုင်၊ မေ ၃

ကျိုက်မရောမြို့အဝင်လမ်းများကို ချဲ့ထွင်သွားမည်ဖြစ်သော်လည်း ထန်းပင်တန်းများကို ခုတ်လှဲသွားမည်မဟုတ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ခရိုင်လက်ထောက်ညွှန် ကြားရေးမှူးရုံးထံမှ သိရသည်။

ပြည်သူများ ကိုယ့်ဒေသတွင် ပြန်လည်လုပ်ကိုင်စားနိုင်သည့် အခြေအနေဖန်တီပေးချင်သည်ဟု ရာဘာအချောထည်စက်ရုံဖွင့်ပွဲတွင် မွန်ဝန်ကြီးချုပ်ပြောဆို

မုဒုံ၊ ဧပြီ ၂၉

ပြည်နယ်သူ၊ ပြည်နယ်သားတွေကို ကိုယ်ဒေသ၊ ကိုယ့်ရပ်ရွာမှာ ပြန်လည်လုပ်ကိုင်စားသောက်ရတဲ့ ဘဝများ ဖန်တီးပေးချင်သည်ဟု ဧပြီလ(၂၉)ရက်နေ့က ပြုလုပ်သော မော်လမြိုင်မြို့နယ်၊ ရိုးဂိုးကျေးရွာရှိ MOS Lumber Products Co.Ltd၏ မိုးမြချယ်ရာဘာသစ်ပေါင်းစက်/အချောစက်ရုံဖွင့်ပွဲ အခမ်းအနားမိန့်ခွန်းတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်မှ ထည့်သွင်းပြောဆိုသွားခဲ့သည်။

ရက်(၁၀၀)စီမံချက်အရ ယခင်နှစ်သွေးလွန်တုပ်ကွေးရောဂါအဖြစ်များခဲ့သောမြို့နယ် (၇)မြို့နယ်ကို ဦးစားပေးဆောင်ရွက်မည်

မော်လမြိုင်၊ မေ ၁၀

အစိုးရသစ်၏ရက်(၁၀၀)စီမံချက်အရ ယခင်နှစ်မှသွေးလွန်တုပ်ကွေးရောဂါအဖြစ်များခဲ့သောမြို့နယ် (၇)မြို့နယ်တွင် ရောဂါကာကွယ်နှိမ်နင်းရေးအပိုင်းကို ဦးစားပေးလုပ်ဆောင်သွားမည်ဟု ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နယ်နိမိတ်အတွင်းတွင် ရှင်းလင်းမှုမပြုလုပ်သေးသည့် လမ်းဘေးကျူးကျော်ဆိုင်များကို ဒဏ်ငွေဖြင့်စတင်အရေးယူမှုပြုလုပ်

မော်လမြိုင်၊ မေ ၁၁

မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ နယ်နိမိတ်အတွင်းရှိ ရှင်းလင်းခြင်းမရှိသေးသည့် ကျုးကျော်ဆိုင်များကို ဒဏ်ငွေဖြင့် စတင်အရေးယူမှုပြုလုပ်ခဲ့သည်ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

ယခင်အစိုးရဟောင်းဆိုင်းငံ့ထားသည့် စီမံကိန်း(၆)ခုအား မွန်ပြည်နယ်အစိုးရ ပြန်လည်ဆောင်ရွက်မည်

မော်လမြိုင်၊ မေ ၉

        ယခင်အစိုးရဟောင်းလက်ထက်တွင်ဆိုင်းငံထားသည့် မွန်ပြည်နယ်အတွင်းရှိ စီမံကိန်း(၆)ခု အား အစိုးရသစ်မှ ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်ကပြောဆိုလိုက် သည်။

မွန်ပြည်နယ်တွင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို ရက်(၁၀၀) စီမံချက်ဖြင့် အပိုင်း (၄) ပိုင်း ခွဲ၍ လုပ်ဆောင်နေသည်ဟုဆို

မော်လမြိုင်၊ မေ ၁၂

မွန်ပြည်နယ်အတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို ရက်(၁၀၀)စီမံချက်ဖြင့် အပိုင်း(၄)ပိုင်း ခွဲပြီးဆောင်ရွက်နေကာ မေလနှင့် ဇွန်လအတွင်း စီမံချက်ချ၍ ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးရုံးမှ သတင်းရရှိသည်။

မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်နယ်အစိုးရသစ် ပထမအကြိမ်တွေ့ဆုံ

မော်လမြိုင်၊ မေ ၁၉

မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဌ နိုင်ဟံသာ ဦးဆောင်သည့် မွန်ပြည်သစ်ပါတီအဖွဲ့နှင့် မွန်ပြည်နယ်အစိုးရ သစ်တို့ မေလ ၁၉ ရက်က ပထမဆုံးအကြိမ်အဖြစ် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံခဲ့ကြသည်။

အစိုးရသစ်အနေဖြင့် လာဘ်ပေးလာဘ်ယူမှုလုံး၀ ပပျောက်ရေးဆောင်ရွက်နေကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ်ဆို

မုဒုံ၊ မေ ၂၃

အစိုးရသစ်အနေဖြင့် လာဘ်ပေး၊ လာဘ်ယူမှု လုံးဝပပျောက်ရေးဆောင်ရွက်နေသဖြင့် ဝန်ထမ်းများ အနေဖြင့် အဂတိလိုက်စားမှုကင်းစင်ရန်လိုအပ်ကြောင်း မုဒုံမြို့ရှိ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲတွင် မွန်ပြည် နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ပြောဆိုလိုက်သည်။

မွန်ပြည်နယ်ရှိ တံတားကြီး ၄ စင်းကို နိုင်ငံတော်ဘတ်ဂျက်ငွေ ကျပ် ၁၀ သန်းဖြင့် ပြုပြင်သွားမည်

မော်လမြိုင်၊ ဇွန် ၁

မွန်ပြည်နယ်အတွင်းရှိ တံတားကြီး ၄ စင်းကို အစိုးရသစ်လက်ထက်၌ ပြည်သူများ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးအတွက် နိုင်ငံတော်ဘတ်ဂျက်ငွေ ကျပ် ၁၀ သန်းဖြင့် ပြုပြင်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးဌာနအားလုံးပါဝင်သည့် ပြည်နယ်စီမံကိန်းကော်မရှင်ကို အဖွဲ့ဝင် (၁၅)ဦးဖြင့်ဖွဲ့စည်း

မော်လမြိုင်၊ ဇွန် ၂

မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ဝန်ကြီးဌာနဝန်ကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် ပြည်နယ်စီမံကိန်းကော်မရှင်ကို အဖွဲ့ဝင်(၁၅)ဦးဖြင့် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြေငြာစာအရ ဖွဲ့စည်းလိုက်ကြောင်းသိရသည်။

မော်လမြိုင်ဈေးအတွင်း ဆိုင်ကယ်ရပ်နားခ ငွေကြေး ပိုမိုကောက်ခံမှုသည် ပေးသူသာ အပြစ်ရှိကြောင် မွန်ဝန်ကြီးချုပ်က ဆို

မော်လမြိုင်၊ မေ ၃၁

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မြိုင်ရတနာ နှစ်ထပ်ဈေး၊ မြိုင်ရတနာလေးထပ်ဈေး၊ အမှတ် (၁) ဈေးကြီးနှင့် သံလွင်ဈေးတို့တွင် ဆိုင်ကယ်ဝင်ကြေးများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က သတ်မှတ်ထားသည့် နှုန်းထားထက် နှစ်ဆကောက်ခံမှုကြောင့် ပေးသူသာ အပြစ်ရှိကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ်က သတင်းထောက်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

မွန်ပြည်နယ်ရှိ မြေယာပြဿနာကင်းသည့် ကျေးရွာ ၁၀ ရွာအား နှစ်သုံးဆယ် မြေငှားဂရမ် ပြုလုပ်ပေးမည်

မော်လမြိုင်၊ ဇွန် ၅

မွန်ပြည်နယ်အတွင်းရှိ မြေယာပြသာနာ အကင်းဆုံး ကျေးရွာ ၁၀ ရွာအား နှစ်သုံးဆယ် မြေငှားဂရမ် ပြုလုပ်ပေးမည်ဖြစ်ကြောင်း ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။

မွန်ပြည်နယ်အတွင်း နိုင်ငံ့ဝန်ထမ်းများနှင့် အိုးအိမ်မဲ့များအတွက် ငါးနှစ်အတွင်း အိမ်ယာအဆောက်အဦးများ ဆောက်လုပ်ပေးသွားမည်ဟု မွန်ဝန်ကြီးချုပ်ကပြောဆို

မော်လမြိုင်၊ ဇွန် ၆

မွန်ပြည်နယ်အတွင်း နိုင်ငံ့ဝန်ထမ်းများနှင့် အိုးအိမ်မဲ့အတွက် အိမ်ယာအဆောက်အဦးများ ငါးနှစ် အတွင်း ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးမင်းမင်းဦး ပြောသည်။

တိုယိုထိုင်းကုမ္ပဏီနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့တွေ့ဆုံမှု ရေးဒေသခံအဖွဲ့အစည်းများ ဆက်လက် စောင့်ကြည့်မည်

ရေး ၊ ဇွန် ၁၃

ရေးမြို့နယ်၊ အံဒင်ကျေးရွာတွင် ကျောက်မီးသွေးလောင်စာသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံဆောက်လုပ်ရန် ပြီးခဲ့သည့်အစိုးရနှင့် MOA လက်မှတ်ရေးထိုးထားသည့် TTCL PubblicCo,Ltd တိုယိုထိုင်းကုမ္ပဏီနှင့်
မွန်ပြည်နယ်အစိုးရအဖွဲ့တွေ့ဆုံမှုအပေါ် ရေးမြို့နယ်ရှိ လူမှုအဖွဲ့အစည်းများနှင့် အံဒင်ဒေသခံများက စောင့်ကြည့်နေမည်ဖြစ်သည်ဟု ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့ (Ye Social Society-YSS)
အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက သံလွင်တိုင်းမ်သို့ ပြောသည်။

လဝက၏ ရက်(၁၀၀)ရွှေ့ပြောင်းအိမ်ထောင်စာရင်းစီမံချက်ကို ပြည်နယ်အစိုးရအဖွဲ့ပြန်လည်သုံးသပ်ရန် မွန်အဖွဲ့အစည်းများတောင်းဆို

မော်လမြိုင်၊ ဇွန် ၁၃

မွန်ပြည်နယ်အတွင်း ဝင်ရောက်လျှက်ရှိသည့် ရွှေ့ပြောင်းအလုပ်သမား/အခြေချသူများအား အိမ်ထောင်စာရင်း ထုတ်ပေးသည့် စီမံချက်ကို ပြည်နယ်အစိုးရအဖွဲ့ပြန်လည်သုံးသပ်ရန် မွန်အသင်းအဖွဲ့များက တောင်းဆို စာပေးပို့ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည်ရေးကော်မတီကို အဖွဲ့ဝင် (၁၄)ဦးဖြင့် ဖွဲ့စည်း

မော်လမြိုင် ဇွန် ၃၀

မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-S)ဖွဲ့စည်ရေး ပထမအကြိမ်အစည်းအဝေးကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ အောင်ဆန်းခန်းမ၌ ဇွန်လ၃၀ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင် စတင်ကျင်းပခဲ့ကြောင်းသတင်းရရှိသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၊ မြို့နယ်စည်ပင်ကော်မတီနှင့် စည်ပင်အဖွဲ့များအား ပထမဦးဆုံးအကြိမ် သီးခြားတွေ့ဆုံ

မော်လမြိုင်၊ ဇွန် ၃၀

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦးသည် မွန်ပြည်နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌများ၊ ပြည်နယ်နှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အလုပ်အမှုဆောင်အရာရှိများကို ပထမဦးအကြိမ်တွေ့ဆုံခဲ့သည်ဟုသတင်းရရှိသည်။

မွန်ပြည်နယ်လွှတ်တော်မှ ပြည်နယ်အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီကို ထပ်မံဖွဲ့စည်း

မော်လမြိုင်၊ ဇူလိုင် ၃

မွန်ပြည်နယ်လွှတ်တော်မှ ပြည်နယ်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ် ရေးကော်မတီကို ထပ်မံဖွဲ့စည်းလိုက်ကြောင်း မွန်ပြည်နယ်လွှတ်တော်ရုံးမှသိရသည်။

မော်လမြိုင်သံလွင်တံတားထိပ်အဝိုင်းတွင် တပ်ဆင်ရန် ဟင်္သာရုပ်ထုကို ၂ လ အတွင်းအပြီးလုပ်မည်

မော်လမြိုင်၊ ဇူလိုင် ၇

မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် သဘောတူညီချက်ရရှိထားသည့် မော်လမြိုင်သံလွင်တံတာအဝိုင်းထိပ်၌ တပ်ဆင်ရန်အတွက် ဟင်္သာရုပ်ထုအသစ်အား ယနေ့ဇူလိုင်လ ၇ ရက်နေ့မှ စတင်ထုလုပ်မည်ဖြစ်ပြီး နှစ်လ အတွင်း အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော်မတီထံမှ သိရသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.