မွန်ပြည်နယ်လွှတ်တော်မှ ပြည်နယ်အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီကို ထပ်မံဖွဲ့စည်း

မော်လမြိုင်၊ ဇူလိုင် ၃

မွန်ပြည်နယ်လွှတ်တော်မှ ပြည်နယ်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ် ရေးကော်မတီကို ထပ်မံဖွဲ့စည်းလိုက်ကြောင်း မွန်ပြည်နယ်လွှတ်တော်ရုံးမှသိရသည်။

mon-state-hlute-daw-d
ကော်မတီဖွဲ့စည်းခြင်းနှင့်ပတ်သက်ပြီး လွှတ်တော်ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက “ကိုယ်စားလှယ် တွေက အခြားပြည်နယ်တိုင်းတွေမှာ ရှိတယ်လို့ကြားသိရတော့ ဖြစ်စေချင်လာတယ်။ ဒါကြောင့် တောင်းဆိုကြ တော့ ဖြစ်လာတာပါ”ဟု သံလွင်တိုင်းမ်သို့ပြောသည်။

ကော်မတီကို ပြင်ပပုဂ္ဂိုလ်မပါဝင်ပဲ လွှတ်တော်ကိုယ်စားလှယ်(၁၁)ဦးဖြင့် ဖွဲ့စည်းကာ တပ်မတော်သား ကိုယ်စားလှယ်နှစ်ဦးလည်းပါဝင်သည်ကို တွေ့ရသည်။

ကော်မတီ၏ ဥက္ကဌအဖြစ် ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦး ထွန်းမင်းအောင်က ဦးဆောင်မည်ဖြစ်ပြီး အတွင်းရေးမှူးအဖြစ် သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။

ကော်မတီအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့မှတင်သွင်းသော ဥပဒေကြမ်း၊ ဆုံးဖြတ်ချက်၊ အဆို (သို့မဟုတ်) အစီရင်ခံစာနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်နယ်လွှတ်တော်တွင် ဖြေကြားခဲ့သော မွေးခွန်းများ နှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ ကတိပြုခဲ့သော အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကို စိစစ်ရ မည်ဟု ဖော်ပြပါအချက်များအရသိရသည်။

“ဒီကော်မတီက ရှိကိုရှိသင့်ပါတယ်။ ဒါမှပဲ အစိုးရက အာမခံချက်တွေ၊ ကတိကဝတ်တွေကို သေချာ စောင့်ကြည့်စိစစ်နိုင်မှာဖြစ်တယ်။ ဒီမိုကရေစီနည်းအရ ဒါဟာ အပြန်အလှန်ထိန်းကြောင်းတဲ့ လုပ်ငန်းတစ်ခု လည်းဖြစ်တယ်။ လွှတ်တော်တစ်ခုရဲ့ အင်္ဂါရပ်မှာလည်း မဖြစ်မနေပါဝင်သင့်တဲ့ ကော်မတီတစ်ရပ်ပဲလို့ မြင်ပါ တယ်”ဟု အယ်ဒီတာတစ်ဦးကပြောသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်တွင် လွှတ်တော်ရေးရာကော်မတီ(၆)ခုဖွဲ့စည်းထားပြီးဖြစ်ကာ ယခုထပ်မံဖွဲ့စည်းသော ကော်မတီသည် (၇)ခုမြောက်ကော်မတီလည်းဖြစ်သည်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.