ရေးမြို့တွင် ၂ လသားအရွယ်ခန့်ရှိယောကျ်ားလေးတစ်ဦး စွန့်ပစ်ခံရသော်လည်း မွေးစားမည့်သူ ချက်ခြင်းပေါ်ပေါက်

စွန့်ပစ်ခံရသော ကလေးငယ်

ရေး ၊ မေ ၃၀
သတင်းနှင့် ဓါတ်ပုံ – ရဲနိုင်ဦး (စွန့်ပစ်ခံရသော ကလေးငယ်)
ရေးမြို့၊ သီရိခေမာရပ်ကွက်၊ သိမ်ကျောင်းအနီး လမ်းဘေးတစ်နေရာတွင် ၂ လသားခန့်အရွယ် ယောကျ်ားလေး
တစ်ဦးစွန့်ပစ်ခံခဲ့ရသော်လည်း နာရီပိုင်းအတွင်းမွေးစားမည့်သူချက်ခြင်းပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

စွန့်ပစ်ခံရသော ကလေးငယ်
စွန့်ပစ်ခံရသော ကလေးငယ်

“ နေ့လယ် ၁၂ နာရီလောက်က ကလေးတစ်ယောက်စွန့်ပစ်ခံခဲ့ရတာကိုတွေ့လို့ မိတ်ဆွေကိုအောင်ချမ်းက ကျွန်တော့်ကိုလာအပ်တယ်။ သက်ဆိုင်ရာရဲဌာနတွေအကြောင်းတယ်၊ လိုအပ်တဲ့ကျန်းမာရေးစစ်ဆေးမှုတွေ ခံယူပြီးပြီ၊ မွေးစားမယ့်သူတွေတော့ လာကြတယ်၊ ဘယ်သူမှမမွေးရင်တော့ ကျွန်တော်ပဲမွေးဖို့ရည်ရွယ်ထား တယ်၊ ဒါပေမယ့် ခုက သင့်တော်မယ့်မွေးမယ့်သူပေါ်လာပြီ၊ သူတို့ဆီမှာပဲ ကလေးကို ထိန်းသိမ်းထားတယ်၊ သက်ဆိုင်ရာရဲလုပ်ငန်းတွေပြီးကုန်ရင်တော့ စနစ်တကျနဲ့ ကလေးကို မွေးစားစေဖို့စီစဉ်မယ် ” ဟု
သာသနာ ၂၅၀၀ စေတီတော် ရေလယ်ဘုရားဂေါပကဥက္ကဋ္ဌ ဦးစိုးညွန့်က သံလွင်တိုင်းမ်သို့ပြောသည်။

ရေးမြို့မရဲစခန်းအနေဖြင့် မိတ်ဘက်အဖွဲ့အစည်းများ၏အကူအညီယူကာ ကလေးစွန့်ပစ်သူကို ရှာဖွေဖော်ထုတ် စုံစမ်းလျက်ရှိနေသည်ဟု ရေးမြို့မရဲစခန်း စခန်းမှူးဖြစ်သူ ဒုရဲမှူးမင်းဆွေက ပြောသည်။

“ မွေးရမယ့်ကံပါလာလို့ မွေးစားခွင့်ရတာပါ ” ဟု အဆိုပါကလေးကို မွေးစားမည့် Jasmine Cool လက်ဖက်ရည် ဆိုင်ပိုင်ရှင်မအေးသွယ်က ပြောသည်။

သီရိမာလာရပ်ကွက်နေ ကိုမြင့်ဦးကလည်း “ အရင်နေ့တုန်းကဆို မိုးတွေရွာတယ်၊ ဒီနေ့က ရာသီဥတုသာယာ တယ်၊ လမ်းနဲ့မြောင်းနဘေးဆိုတော့ ခွေးတွေနဲ့ ယာဉ်အန္တရာယ်ကလည်း လွတ်ကင်းခဲ့တယ်။ ဒီကလေး ကံကောင်းတယ်၊ မွေးစားမယ့်သူလည်း ချက်ခြင်းပေါ်လာတယ် ” ဟု ဆိုသည်။

ယင်းဖြစ်စဉ်ကဲ့သို့ ၂၀၁၄ ခုနှစ်က ရေးမြို့၊ အဏ္ဏဝါရပ်ကွက်တွင် ရက်ပိုင်းအရွယ်ကလေးတစ်ဦး စွန့်ပစ်ခံခဲ့ရ သော်လည်းမွေးစားမည့်သူ ချက်ခြင်းပေါ်ပေါက်ခဲ့သေးသည်ဟု ယင်းရပ်ကွက်နေထိုင်သူများ၏ပြောပြချက်အရ သိရှိရသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.