မော်လမြိုင် ၊ နိုဝင်ဘာ ၁၂
စစ်တပ် အသွင်ပြောင်း မွန်ပြည်နယ် အစိုးရ အပြည့်အဝ ထိန်းချုပ်ထားတဲ့ မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မြို့မှာ နေအိမ်ဖောက်ထွင်းမှုနဲ့ လုယက်မှုတွေ ခပ်စိပ်စိပ် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
နေအိမ်ဖောက်ထွင်းမှု ဖြစ်စဉ်အရ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က မော်လမြိုင်မြို့ သရက်ကုန်းရပ်ကွက်မှာ နေထိုင်တဲ့ ဆရာဝန် တစ်ဦးရဲ့ နေအိမ် ဖောက်ထွင်းခံရပြီး ရွှေထည်ပစ္စည်းနဲ့ ငွေကြေးအပါအဝင် ကျပ်သိန်း ၁၁၀၀ ကျော်ဖိုး ခိုးယူခံခဲ့ရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့ကလည်း မော်လမြိုင်မြို့ ဒိုက်ဝန်ကွင်းရပ်ကွက်မှာ နေထိုင်တဲ့ မွန်ပြည်နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရုံး ပြည်နယ် ဦးစီးမှူး လမ်းလျှောက်ထွက်လာစဉ် ဆိုင်ကယ်စီးနင်းလာတဲ့ လူငယ် နှစ်ဦးက အနောက်ကနေ ရွှေဆွဲကြိုး လုယက်သွားတာပါ။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ကလည်း မော်လမြိုင်မြို့ ကျွဲခြံကုန်းရပ်ကွက်မှာ နေအိမ် တစ်လုံး ဖောက်ထွင်းခံရပြီး ရွှေနဲ့ငွေ ကျပ်သိန်း ၁၅၀၀ နီးပါး ဖောက်ထွင်းခံခဲ့ရတာ ဖြစ်ပါတယ်။
ဒေသတွင်းမှာ အခုလို ခိုးဆိုလုနှိုက်မှုတွေ အဖြစ်များ နေပေမယ့် စစ်အစိုးရ လက်အောက်ခံ ရဲတပ်ဖွဲ့ ကတော့ ပြစ်မှု ကျူးလွန်သူအများစုကို ဖမ်းဆီးရမိတာ မရှိတဲ့အပေါ် ဒေသခံတွေအကြား ဝေဖန်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။
မော်လမြိုင်မြို့ခံ တစ်ဦးက ခိုးဆိုးလုနှိုက်မှုတွေ အဖြစ်များလာတာဟာ တရားဥပဒေ စိုးမိုးမှု မရှိတာကြောင့် ဖြစ်ပြီး အုပ်ချုပ်ရေးအာဏာပိုင်တွေ မြို့ပေါ်တောင် နိုင်နိုင်နင်းနင်း မအုပ်ချုပ်နိုင်တာကြောင့် ဝေဖန်ပါတယ်။
“တရားဥပဒေ စိုးမိုးမှု မရှိတော့ ဆိုင်ကယ် လုတာတို့ သေနတ်ထောင့်ပြီးတော့ ဆိုင်ကယ် လုတယ်၊ပိုက်ဆံ လုတယ်၊တရားဥပဒေ စိုးမိုးမှု မရှိဘူး။ လက်ရှိ အုပ်ချုပ်နေတဲ့ အုပ်ချုပ်ရေးအပိုင်းကလည်း မြို့ပေါ်တောင် သိပ်နိုင်နိုင်နင်းနင်း မဟုတ်ပါဘူး။ အဲဒီတော့ ဘယ်သူမှာ တာဝန်ရှိတယ် ပြောလို့ ဘယ်သူကို ပြောလို့ ပြောရမှန်း မသိဘူး” လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိ ခိုးဆိုးလုနှိုက်မှု ဖြစ်ပေါ်လို့ သက်ဆိုင်ရာ နယ်မြေ ရဲစခန်းတွေကို တိုင်ကြားပါကလည်း ပြစ်မှု ကျူးလွန်သူတွေကို ဖမ်းဆီး ပေးမပေး မသိရပေမယ့် အမှုဖွင့်ဖို့အတွက်ဆိုကာ ငွေကြေးပေးနေရတာကြောင့် နှစ်ခါ နစ်နာရတယ်လို့ သူက ဆက်ပြောပါတယ်။
မော်လမြိုင်မြို့ခံ နောက်တစ်ဦးကလည်း မော်လမြိုင်မြို့ဟာ မွန်ပြည်နယ်ရဲ့ မြို့တော် ဆိုပေမယ့် အလုပ်အကိုင်တွေ ကျပ်တည်းလာပြီး စားဝတ်နေရေး အဆင်မပြေတော့တာကြောင့် ခိုးဆိုးလုနှိုက်တွေ ပိုပေါလာတာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“မော်လမြိုင်က မွန်ပြည်နယ်ရဲ့ မြို့တော် ဆိုပေမယ့်လည်း လုပ်ငန်းကိုင်ငန်းတွေ ကျပ်တည်း လာတယ်။ ပြည်သူတွေ စားဝတ်နေရေးအတွက် အဆင်မပြေလာတဲ့ အခါကျတော့ ခိုးဆိုးလုနှိုက်တွေ ပေါလာတယ်။ တော်တော်ကို များလာတာပေါ့။ အခုဆိုရင်တော့ ခိုးတဲ့သူတွေ လုတဲ့သူတွေ သူခိုးတွေ ကတော့ ပိုပေါလာတာပေါ့”လို့ ဆိုပါတယ်။
တဖက်မှာတော့ မော်လမြိုင်မြို့ကို စစ်တပ်က အာဏာသိမ်းပြီးနောက် Safe City စီမံကိန်းဆိုကာ ပြည်သူ့ဘဏ္ဍာ ရန်ပုံငွေ ကျပ်သိန်းပေါင်း ထောင်နဲ့ချီ အသုံးပြုပြီး မြို့အနှံ့ နေရာလွတ် မကျန် CCTV ကင်မရာတွေ အပြည့် တပ်ဆင်ထားတာပါ။
မြို့အနှံ့ CCTV တွေ အပြည့် တပ်ဆင်ထားတဲ့အပြင် စစ်အစိုးရ လက်အောက်ခံတွေက လုံခြုံရေး အကြောင်းပြချက်နဲ့ လှည့်ကင်း ပတ်ကင်းတွေနဲ့ အင်အားပြ လှည်လည်နေပေမယ့် ခိုးဆိုးလုနှိုက်မှုတွေအပြင် တခြား ဒုစရိုက်မှုတွေက အစ အနည်းငယ်လောက်သာ ဖမ်းဆီးရမိတာပါ။
မွန်ပြည်နယ်မှာ အခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာ ၁၈ ရက်နေ့အထိ ကိုးလအတွင်း ခိုးမှုပေါင်း ၆၃ မှု ဖြစ်ပွားခဲ့ပြီး အဲဒီထဲမှာ ခိုးမှု ၂၉ မှုအတွက် တရားခံတွေကိုသာ ဖမ်းဆီးရမိခဲ့ပြီး ရာခိုင်နှုန်းအနေနဲ့ ၄၆ ရာခိုင်နှုန်းကျော်သာ ဖမ်းဆီးရမိတယ်လို့ စစ်အစိုးရရဲ့ မွန်ပြည်နယ် လွှတ်တော်အတွင်း ဖြေကြားချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

