စစ်တပ်ရဲ့ ကာကွယ်ရေးအသုံးစရိတ် စံချိန်တင်မြင့်တက်လာ

နေပြည်တော် ၊ နိုဝင်ဘာ ၁၂

အာဏာသိမ်းမှုကြောင့် တကျော့ပြန်ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်အတွင်း ကာကွယ်ရေးအမည်ခံထားတဲ့ စစ်အသုံးစရိတ်အတွက် နိုင်ငံ့ဘတ်ဂျက်ကို တိုးမြှင့်သုံးစွဲမှု မြင့်တက်လာနေတဲ့အပေါ် အကြောက်တရားနဲ့ ရှင်သန်နေရတဲ့ ပြည်သူတွေအဖို့ နစ်နာနေရပါတယ်။

၂၀၂၁ အာဏာသိမ်းမှု ၅ နှစ်ကျော်အတွင်း စစ်အသုံးစရိတ်ကို လိုသလောက် ထုတ်ယူသုံးစွဲနေတဲ့ စစ်တပ်က လက်ရှိမှာ သူတို့ ဦးစီးကျင်းပခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကနေ ပေါ်လာတဲ့ လွှတ်တော်ရဲ့ ခွင့်ပြုချက်နဲ့ အဖြတ်အတောက်မရှိ ရယူနေဆဲ ဖြစ်ပါတယ်။

၂၀၂၆ – ၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ စစ်အစိုးရလက်အောက်ခံ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်ဟာ ကျပ်ဘီလီယံ ၁၀,၀၀၀ ကျော်အထိ မြင့်တက်လာတယ်လို့ ပြည်ထောင်စုရဲ့ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကနေ သိရပါတယ်။

အဲဒီဥပဒေကြမ်းနဲ့ပတ်သက်ပြီး နိုဝင်ဘာ ၅ ရက်က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဌ (၁) က ငွေကြေးဆိုင်ရာသုံးသပ်ချက်အစီရင်ခံစာ တင်သွင်းရာမှာ ဆွေးနွေးတင်ပြခဲ့တာ ဖြစ်ပါတယ်။

ဆွေးနွေးချက်တွေအရ ကာကွယ်ရေးအသုံးစရိတ်ကို ကျပ်ဘီလီယံ ၇,၉၅၀ ကျော် ခွင့်ပြုထားပြီးဖြစ်ပေမယ့် လေးလသာကျန်ရှိတော့တဲ့ အခုဘဏ္ဍာရေးနှစ်မှာ ဖြည့်စွက်ဘတ်ဂျက်အဖြစ် ကျပ်ဘီလျံ ၂,၅၀၀ ကျော် တောင်းခံလာတာပါ။

ဒါကြောင့် ၂၀၂၆ – ၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ ကာကွယ်ရေးအသုံးစရိတ်ဟာ စုစုပေါင်း ကျပ်ဘီလျံ တစ်သောင်းကျော်အထိ ရောက်ရှိလာမှုအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေး လိုအပ်ချက်အရ ကျိုးကြောင်းဆီလျော်တယ်ဆိုပြီး အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ပြည်သူတွေကတော့ လူထုအတွက် အရေးပါတဲ့ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးအချိန်ပြည့်ရရှိရေးထက် စစ်တပ်အာဏာတည်မြဲရေးအတွက် နိုင်ငံ့ဘဏ္ဍာငွေတွေကို လိုသလောက် သုံးစွဲနေတာဟာ ပြည်သူ့ငွေနဲ့ ပြည်သူကို သတ်နေတာလို့ ဝေဖန်ကြပါတယ်။

မွန်ပြည်နယ်ဒေသခံတစ်ဦးက အစိုးရတစ်ရပ်အနေနဲ့ ငြိမ်းချမ်းရေးပြောပြီး ကာကွယ်ရေးအသုံးစရိတ် ပိုတောင်းနေတာဟာ အပြောနဲ့အလုပ် လက်တွေ့မကျဘဲ ပြည်သူတွေကို သတ်ဖို့ စရိတ်တောင်းသလို ဖြစ်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ နိုင်ငံကျတော့ ကာကွယ်ရေးအသုံးစရိတ်က ကိုယ့်ပြည်သူတွေကို ပြန်ပြီးတော့ သတ်နေတဲ့ စရိတ် ပြန်တောင်းသလို ဖြစ်နေတာပေါ့။ လက်ရှိမှာ လေယာဉ်နဲ့ ဗုံးကြဲတာတွေ ဒါက အဓိက‌တော့ ကာကွယ်ရေးအသုံးစရိတ်လည်းဖြစ် စစ်အသုံးစရိတ်လည်း ဖြစ်တာပေါ့ဗျာ။ ကိုယ့်ပြည်သူအချင်းအချင်း ကိုယ့်နိုင်ငံသားအချင်းချင်း တကယ် ငြိမ်းချမ်းရေးလုပ်ပြီး တက်လာတဲ့ အစိုးရက မှတ်ကျောက်တင်လောက်တဲ့ အစိုးရဖြစ်မယ်၊ ငြိမ်းချမ်းရေးပြောမယ်ဆိုရင်တော့ ကာကွယ်ရေးအသုံးစရိတ်တွေလျှော့ ငြိမ်းချမ်းရေးစကားပြောဆိုတဲ့ လမ်းကြောင်းကို သွားရမှာဗျ။ အခုဟာက ကာကွယ်ရေးအသုံးစရိတ် ပိုတောင်းတယ်ဆိုတော့ ပါးစပ်ကသာ ဘုရားဘုရား လက်က ကားယား ကားယား ပုံစံမျိုး ဖြစ်နေတာပေါ့ဗျာ”လို့ ဆိုပါတယ်။

ဖြည့်စွက်ဘတ်ဂျက်တောင်းခံတဲ့ ဝန်ကြီးဌာနတွေထဲမှာ ကာကွယ်ရေးအပြင် ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆက်သွယ်ရေး၊ နိုင်ငံခြားရေး၊ ဘဏ္ဍာရေးနဲ့ အခွန်၊ သာသနာရေး၊ တိုင်းရင်းသားလူမျိုးများရေးရာ၊ ဆောက်လုပ်ရေး၊ စီးပွားကူးသန်းနဲ့ နေပြည်တော် စည်ပင်သာယာရေးကော်မတီတို့ ပါဝင်ပါတယ်။

ဒါကြောင့် ဖြည့်စွက်ဘတ်ဂျက်ဟာ ကျပ်ဘီလျံ ၇,၄၀၀ ကျော်အထိ ရှိလာတဲ့အတွက် ၂၀၂၆ – ၂၇ ဘဏ္ဍာရေးနှစ်ရဲ့ ပြုပြင်ခန့်မှန်းခြေငွေစာရင်းအရ ဘတ်ဂျက်လိုငွေပြမှု ကျပ်ဘီလျံ ၁၁,၄၀၀ ကျော်အထိ ရှိလာနေပြီး လိုငွေနဲ့ GDP အချိုးမှာ ၅ ဒသမ ၇၄ ရာခိုင်နှုန်း ရှိလာနေတာပါ။

စစ်အစိုးရအနေနဲ့ အာဏာသိမ်းမှုအတွင်း နိုင်ငံတော်ဘဏ္ဍာငွေ သုံးစွဲမှုတွေကို ၂၀၂၃ – ၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ နောက်ဆုံးအကြိမ် ထုတ်ပြန်ခဲ့ပြီး အဲဒီနောက်ပိုင်း လွှတ်တော်မပေါ်ခင်အထိ ဘတ်ဂျက်ငွေသုံးစွဲမှုနဲ့ပတ်သက်လို့ ထုတ်ပြန်တာ မရှိခဲ့ပါဘူး။

၂၀၂၃ – ၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ ကာကွယ်ရေးအသုံးစရိတ်ကို ကျပ်ဘီလီယံ ၅၆၀၀ ကျော်အထိ တိုးမြှင့်သုံးစွဲခဲ့တာ ဖြစ်လို့ လက်ရှိ ၂၀၂၆ – ၂၇ ဘဏ္ဍာရေးနှစ်ရဲ့ ကာကွယ်ရေးအသုံးစရိတ်နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် နှစ်ဆနီးပါးထိ မြင့်တက်လာတာပါ။

ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်သုံးစွဲရတာဟာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး လုပ်ဆောင်ရာမှာ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စွမ်းရည်နဲ့ စွမ်းအား မြှင့်တင်နိုင်ရေးအတွက်လို့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က တပ်ချုပ်ရာထူးကို မစွန့်လွှတ်ရသေးတဲ့ ၂၀၂၅ ခုနှစ် မတ်လမှာ ထုတ်ပြောခဲ့ဖူးပါတယ်။

မွန်ဒေသခံ နောက်တစ်ဦးကလည်း ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်တာဟာ ပြည်သူကို ကာကွယ်တာ မဟုတ်ဘဲ အာဏာတည်ဆောက်ဖို့ ပြည်သူ့အခွန်ငွေကို ထုတ်သုံးပြီး တိုက်နေကြတာဖြစ်လို့ ပြည်သူတွေဟာ အမြဲတမ်း နစ်နာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ပြည်သူတွေကတော့ အမြဲတမ်း နစ်နာတာပဲ ။ မြန်မာပြည်မှာ လူဖြစ်ရတာကိုက ကျွန်တော်တို့က အများကြီး နစ်နာတယ်။ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေတယ်။ လူသားတစ်ယောက်ရဲ့ ဖြစ်တည်မှု မရဘူးပေါ့နော်။ အဲဒါကြောင့် ဒီနိုင်ငံကြီးမှာ ဒီလိုမျိုး ဖြစ်နေတာ မဆန်းပါဘူး။ ဘာဖြစ်လို့လဲဆို လက်ရှိ စစ်အစိုးရတစ်ပိုင်း သမ္မတကြီးကလည်း သူ့အာဏာကို တည်ဆောက်ဖို့ အစွမ်းကုန် သူလုပ်မှာပဲ။ သူ ပိုင်ဆိုင်လို့ရတာတွေ သူ လွှမ်းမိုးလို့ရတဲ့ ကိစ္စမှန်သမျှ သူ လုပ်ဆောင်သွားမှာပေါ့။ အဓိက ကျွန်တော်တို့ ပြည်သူတွေကတော့ အကြောက်တရားနဲ့ပဲ ရှင်သန်နေရတာပဲ။ သူတို့ ကာကွယ်ရေးအသုံးစရိတ်မြှင့်တင်တာဟာ တယ်ဆိုပေမယ့်လည်း ပြည်သူကို ကာကွယ်တာမှ မဟုတ်တာ။ ပြည်တွင်းစစ်ကြီးဖြစ်နေတဲ့ နိုင်ငံမှာတော့ အချင်းချင်းချဖို့အတွက် ပြည်သူ့အခွန်ငွေကို ထုတ်သုံးပြီး တိုက်နေကြတာပဲ”လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းချိန်ကစလို့ အခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း အရပ်သား ၁၂,၈၉၃ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျူ ISP-Myanmar ရဲ့ အချက်အလက်တွေက ဖော်ပြထားတာပါ။

ဒါ့အပြင် စစ်အာဏာသိမ်းမှု အစောပိုင်းကာလတွေမှာ လုပ်ခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေအတွင်း ပစ်ခတ်ဖြိုခွင်းတာနဲ့ ဖမ်းဆီးခံရပြီးတဲ့နောက် စစ်ကြောရေးစခန်းတွေမှာ အရပ်သား ၂,၁၈၃ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

စစ်တပ်အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးအလွန်မှာ လေကြောင်းအရေးသာမှုကို အားထားလာတဲ့အတွက် ဒရုန်းတွေ၊ Paramotor နဲ့ Gyrocopter တို့လို စက်တပ်လေထီးတွေအပါအဝင် ရဟတ်ယာဉ်တွေနဲ့ ဂျက်ဖိုက်တာတွေကို ပိုမိုအသုံးပြုလာနေသလို လေယာဉ်တွေကိုလည်း ဝယ်ယူဖြည့်တင်းနေတာပါ။

တစ်ဘက်မှာ အသက်သွင်းထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကနေ မြေပြင်တိုက်ခိုက်ရေးအင်အားကို တစ်လ ၅၀၀၀ နီးပါးနဲ့ အတင်းအဓမ္မ စုဆောင်းရရှိလာနေပြီး တန်ပြန်ထိုးစစ်တွေနဲ့အတူ ဝေဟင်စစ်ဆင်ရေးကို အရှိန်မြှင့်လာနေတာ ဖြစ်ပါတယ်။

အထူးသဖြင့် တော်လှန်ရေးအဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ လှုပ်ရှားတဲ့ နေရာတွေနဲ့ ထိန်းချုပ်နယ်မြေတွေမှာ ပစ်မှတ်မခွဲခြားဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အပြင် အသေခံဒရုန်းတွေနဲ့ပါ ဆက်တိုက် လုပ်ဆောင်နေတာပါ။

လက်ရှိမှာလည်း လက်လွှတ်နယ်မြေတွေကို စစ်ရေးအရ ပြန်လည်ထိန်းချုပ်နိုင်ဖို့ နည်းမျိုးစုံ စုဆောင်းထားတဲ့ စစ်မှုထမ်းအင်အားနဲ့ ကြည်း၊ ရေ၊ လေ ပေါင်းစပ်အားကို အသုံးချပြီး ရခိုင်ပြည်နယ်အပါအဝင် စစ်ရေးအားပြိုင်တဲ့ နယ်မြေတွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ရဲ့ စစ်ဘက်သုတေသန တာဝန်ခံ ကိုနောင်ရိုးကတော့ စစ်ဆင်ရေးတွေ တိုးမြှင့်ဖို့ လိုအပ်တဲ့ အသုံးစရိတ်တွေကို နိုင်ငံ့ဘဏ္ဍာငွေထဲက ရာခိုင်နှုန်းအများစုကို တိုးမြှင့်သုံးစွဲနေတာလို့ သုံးသပ်ပါတယ်။

“လက်ရှိမှာတော့ သူတို့ စစ်ဆင်ရေးတိုးမြှင့်နိုင်ဖို့ လိုအပ်တဲ့ စစ်စရိတ်တွေ တိုးမြှင့်နိုင်ဖို့ တိုက်ခိုက်‌ရေးပစ္စည်းတွေ လက်နက်ခဲယမ်းတွေ ဖြည့်တင်းနိုင်ဖို့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်နိုင်ဖို့ ဒါတွေက ဆက်တိုက် လုပ်တယ်။ စစ်မှုထမ်းတွေ တိုးမြှင့်စုဆောင်းနိုင်ဖို့ ကုန်ကျစရိတ်တွေ အဲဒါတွေအတွက် ကာကွယ်ရေးစရိတ်တွေကို ရာခိုင်နှုန်းအများစု ထပ်ဖြည့်ပြီး တောင်းခံတဲ့ အနေအထားလို့ ကျွန်တော်တို့ပြောရင် ပိုမှန်လိမ့်မယ်လို့ ယူဆပါတယ်ဗျ”လို့ ဆိုပါတယ်။

စစ်တပ်မှာ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တပ်ချုပ်ဖြစ်လာပြီးနောက် စစ်ဆင်ရေးနည်းဗျူဟာတွေကို ပြောင်းလဲပြင်ဆင်ခဲ့ပြီး ပစ်မှတ်တစ်ခုတည်းအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ဖို့ တာဝန်ပေးထားတယ်လို့ ACLED ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

ISP-Myanmar ရဲ့ ဖော်ပြထားတဲ့ အချက်အလက်တွေအရ ၂၀၂၆ ခုနှစ် ဧပြီကနေ ဩဂုတ်အထိ တပ်ချုပ်သစ်လက်ထက်မှာ ငါးလတာအတွင်း နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု ၁၅၈၃ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့တာပါ။

ဒီလိုမျိုး လေကြောင်းစစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်ဖို့ လေယာဉ်ဆီတင်သွင်းမှုတွေကို ဒီဇယ်ဆီအဖြစ် စစ်အုပ်စုက လိမ်လည်ကုန်သွယ်ခဲ့တယ်လို့ Justice for Myanmar – JFM ရဲ့ စုံဆေးစစ်ဆေးမှုတွေအရ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်မှာ အသိပေးထုတ်ပြန်ခဲ့ပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေ၊ ကျန်မာရေးနဲ့ ပညာရေး အဆောက်အဦးတွေကို အများဆုံး ပစ်မှတ်ထား ကျူးလွန်နေတာလို့ ဖော်ပြထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.