တနင်္သာရီ၊ နိုဝင်ဘာ ၁၂
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဖာနီကျေးရွာအနီး ဇဝဲ-တကူလမ်းပိုင်းမှာ ဆိုင်ကယ်စီးနင်းလာတဲ့ လူငယ် နှစ်ဦးဟာ အာဏာသိမ်း စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
နိုဝင်ဘာ ၁၀ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်လောက်မှာ ဇဝဲကျေးရွာကနေ တကူရွာဘက်ကို ဆိုင်ကယ်မောင်းနင်းလာတဲ့ လူငယ် နှစ်ဦးဟာ စစ်ကြောင်းနဲ့တိုးပြီး ရပ်တန့်ခိုင်းရာ မရပ်ဘဲ မောင်းပြေးတာကြောင့် သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဆိုင်ကယ်အနောက်မှာ လိုက်စီးလာတဲ့ သဘွတ်ရွာနေ ကိုဟိန်းလင်းနိုင်ဟာ ကျည်ထိမှန်တာကြောင့် နေရာမှာတင် သေဆုံးသွားပြီး ဆိုင်ကယ်မောင်းသူ တကူရွာသားက ကျည်ထိမှန်ဒဏ်ရာရပြီး လွတ်မြောက်လာခဲ့တာပါ။
စစ်တပ် ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ သဘွတ်ရွာနေ ကိုဟိန်းလင်းနိုင်ရဲ့ အလောင်းကိုတော့ စစ်ကြောင်း ရှိနေတာကြောင့် ရွာခံတွေ မကောက်ယူရဲသေးဘူးလို့ ဆိုပါတယ်။
ဖာနီရွာဟာ ဇဝဲ-တကူလမ်းပိုင်းမှာ တည်ရှိပြီး စစ်တပ်ဘက်က စစ်ကြောင်း မကြာခဏ ဝင်နေတဲ့ လမ်းကြောင်း ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

