သရက်ချောင်း ၊ နိုဝင်ဘာ ၁၁
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်မှာ အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ခြံလုပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ နိုဝင်ဘာ ၁၀ ရက် ညနေ ၃ နာရီအချိန်ခန့်မှာ တောင်ပျောက်တိုက်နယ်ရှိ ဝင်းကဖော်ကျေးရွာမှာ တိုက်ပွဲမရှိဘဲ အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာလေယာဉ်နှစ်စီးနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဝင်းကဖော်ကျေးရွာအနီးက ဥယျာဉ်ခြံအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၃၀ ဝန်းကျင်အရွယ် ခြံလုပ်သား အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်တပ်ဗုံးကြဲခဲ့တဲ့ ဝင်းကဖော်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမျိုး မရှိဘဲ အာဏာသိမ်းစစ်တပ်က တမင်တကာ လာရောက် ဗုံးကြဲခဲ့ပြီး စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ စိုးရိမ်စိတ်နဲ့ နေထိုင်နေရတယ်လို့ ဆိုပါတယ်။
သရက်ချောင်းမြို့နယ် ကညင်ချောင်းရွာအနီးမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းကစလို့ အာဏာသိမ်း စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေတာ ဖြစ်ပါတယ်။
နှစ်ဖက်တိုက်ပွဲနဲ့အတူ စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် သရက်ချောင်းမြို့နယ်ရှိ ကညင်ချောင်း၊ သင်ပုန်းချောင်း၊ ဆိပ်ချောင်းရွာအပါအဝင် ကျေးရွာ ၅ ရွာက ပြည်သူ ၆၀၀၀ ကျော်ဟာ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ကလည်း မြိတ်–ထားဝယ်ကားလမ်းပေါ်ရှိ ကညင်ချောင်းရွာမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် မိသားစုဝင်လေးဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

