စစ်ကိုင်း အောက်တိုဘာ ၂၀

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ အရပ်သား ၂ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး အသက် ၂၃ နှစ်အရွယ် လူငယ်တစ်ဦးကို ပစ်သတ်ကာ ကျန်တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၉ ရက် နေ့လယ် ၁၁ နာရီ မိနစ် ၂၀ ခန့်မှာ ညောင်ကုန်းရွာဘက်ကနေ ဆိုင်ကယ်တစ်စီးနဲ့ ထွက်လာတဲ့ အရပ်သား ၂ ဦးဟာ မအူကုန်းရွာအနီးရှိ စစ်တပ်တပ်စွဲထားတဲ့ နေရာကို မှားယွင်းရောက်ရှိသွားခဲ့တာလို့ သိရပါတယ်။

အဲဒီနောက် စစ်သားတွေက သူတို့နှစ်ဦးကို ဖမ်းဆီးခဲ့ပြီး အသက် ၂၃ နှစ်အရွယ် လူငယ်ကို လက်နောက်ပြန်ကြိုးတုပ်ကာ မြေပြင်မှာ မှောက်ခိုင်းပြီး သေနတ်ဒင်နဲ့ အကြိမ်ကြိမ်ရိုက်နှက်ခဲ့သလို သေနတ်နဲ့ အနီးကပ်ပစ်သတ်ပြီး လမ်းဘေးမှာ စွန့်ပစ်ထားခဲ့တယ်လို့ ဖော်ပြပါတယ်။

အသက် ၅၀ ကျော်အရွယ် တခြားအမျိုးသားတစ်ဦးကိုလည်း လက်နောက်ပြန်ကြိုးတုပ်ပြီး ရိုက်နှက်နှိပ်စက်ကာ လယ်ပြင်ရွာဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ခရီးသွားပြည်သူတွေအနေနဲ့ လမ်းခရီးအခြေအနေတွေကို ကြိုတင်စုံစမ်းပြီး သက်ဆိုင်ရာဒေသတွေရဲ့ လုံခြုံရေးသတိပေးချက်တွေကို လိုက်နာကြဖို့လည်း ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.