မော်လမြိုင် စက်တင်ဘာ ၂၈
ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသော လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ် အဖြစ် ရောက်ရှိလာကာ လက်ရှိမှာ မော်လမြိုင်မြို့ရဲ့ တောင်ဘက် ရေမိုင် ၅၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ စစ်အစိုးရလက်အောက်ခံ မိုးဇလ ဌာနက သတင်းထုတ်ပြန်ပါတယ်။
အဲဲဲဒီ မုန်တိုင်းငယ်ဟာ မုတ္တမကွေ့အနီးကနေ ဖြတ်ကျော်နိုင်တာကြောင့် အနီရောင်အဆင့် သတ်မှတ်ထားပါတယ်။
မုန်တိုင်းငယ်ဟာ မြောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး နောက် ၁၂ နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ်အဖြစ် ပိုမိုအားကောင်းလာနိုင်ပါတယ်။
အဲဒီနောက် ရန်ကုန်တိုင်း သုံးခွမြို့နဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့တို့အကြားကနေ ဖြတ်ကျော်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီမှာ သတိပေးထားပါတယ်။
မုန်တိုင်းအရှိန်ကြောင့် ဒေသအများအပြားမှာ မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနဲ့ မြေပြိုခြင်းတွေ ဖြစ်ပေါ်နိုင်ပြီး မုတ္တမကွေ့နဲ့ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်မှာ လှိုင်းအမြင့် ၁၀ ပေကနေ ၁၂ ပေအထိ ရှိနိုင်တာကြောင့် ပြည်သူတွေနဲ့ ရေယာဉ်တွေ ကြိုတင်သတိပြုကြဖို့ နှိုးဆော်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

